ပွင့်ဖြူ အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ နှမ်းစိုက်ဧက ၁၅၇၄၂ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့အထိ ဧက ၁၃၂၈၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆီထွက်သီးနှံ နှမ်း ၁၅၇၄၂ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ နှမ်းစိုက်ပျိုးခြင်းကို အောက်တိုဘာလ ပထမပတ်ကစပြီး စိုက်ပျိုး ခဲ့ရာ ဒီနေ့မှာ ဧက ၁၃၂၈၀ ထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ နှမ်းစိုက်တာနဲ့ပတ်သက်ပြီး တောင်သူတွေကို စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကြီးကြပ်ဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပြည်ပသွင်းကုန် အစားထိုးအနေဖြင့် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ နေကြာ၊ မြေပဲ၊ ပန်းနှမ်း စသည့် သီးနှံများကို စိုက်ပျိုးထုတ်လုပ်ကာ ထွက်ရှိလာသော ဆီများကို ဈေးကွက်အတွင်း ဖြည့်တင်းရောင်းချပေးနိုင်ရန် ရည်ရွယ်ပြီး ဆီထွက်သီးနှံများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


