နေပြည်တော် အောက်တိုဘာ ၂၅

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်၌ ကျောင်းသား ကျောင်းသူများ အမြန်ဆုံးပညာ သင်ကြားနိုင်ရေးအတွက် ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ပူးပေါင်း၍ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ သီပေါမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းကို အောက်တိုဘာ ၂၂ ရက်တွင်လည်းကောင်း၊ အောက်တိုဘာ ၂၄ ရက် တွင် အမှတ် (၂) အခြေခံပညာမူလတန်း (လွန်) ကျောင်းနှင့် အမှတ် (၇) အခြေခံပညာမူလတန်းကျောင်းတို့ကို လည်းကောင်း၊ ယနေ့တွင် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းကိုလည်းကောင်း ဖွင့်လှစ်နိုင်ခဲ့ရာ ယနေ့အထိ အခြေခံပညာကျောင်း လေးကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်း လာရောက်အပ်နှံမှုအနေဖြင့် ယနေ့တွင် ကျောင်းသား ကျောင်းသူ ၁၀၁ ဦး ထပ်မံကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၃၃၁ ဦး ကျောင်းတက်ရောက်၍ စာပေပညာများကို စိတ်အေးချမ်းသာစွာ သင်ကြားလျက်ရှိပြီး ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေးဌာနမှ ကျောင်းနေအရွယ် အသက် (၁၅) နှစ်အောက် ကျောင်းသား ကျောင်းသူ ၁၄၀ အား ကာကွယ်ဆေးထိုးနှံပေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြသည်။

 

ထို့ပြင် ယနေ့တွင် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (ဘော်ကြို) ကျောင်းများ၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ကျောင်းဝင်းအတွင်း/ အပြင်နှင့် စာသင်ဆောင်များ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။ 
ယင်းအပြင် သီပေါမြို့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၁၆ ဦးနှင့် ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာနှစ်ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

ထို့အတူ တပ်မတော်မိုင်းရှင်းလင်းရေးအဖွဲ့က သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်း သားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝလုပ်ကိုင် စားသောက်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

 

သတင်းစဉ်