ကွာလာလမ်ပူ အောက်တိုဘာ ၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
သမ္မတထရမ့်က အာဆီယံခေါင်းဆောင်များ၏ နှစ်ပတ်လည်အစည်းအဝေး ကျင်းပနေသည့် မလေးရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည်။
မလေးရှားနိုင်ငံသည် ထရမ့်၏ အာရှခရီးစဉ်၏ ပထမဆုံးလာရောက်သည့်နိုင်ငံဖြစ်ပြီး ဂျပန်နှင့် တောင်ကိုရီးယားသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ၎င်း၏ ပါဝင်ဆောင်ရွက်မှုသည် နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး အမှန်တကယ်ဖြစ်လာစေရန် ပိုမိုလေးနက်ရာရောက်ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းရေးသဘောတူညီချက်ကြောင့် ပြည်သူသန်းပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ပဋိပက္ခကို ပြေလည်အောင် မဖြေရှင်းမချင်း အမေရိကန်၏ ကုန်သွယ်ရေးသဘောတူညီချက်ကို မပြုလုပ်နိုင်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ ယင်းသို့ပြောကြားပြီးနောက် နှစ်နိုင်ငံစလုံးက ကနဦး အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြသည်။
၎င်း၏ခရီးစဉ်မတိုင်မီ ပိုမိုကျယ်ပြန့်သော အပစ်အခတ်ရပ်စဲရေးစာချုပ်နှင့် ငြိမ်းချမ်းရေးအခမ်းအနားကျင်းပရန် သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့သည်။
ယခုသဘောတူညီချက်တွင် လက်နက်ကြီးများ ဆုတ်ခွာရေးနှင့် နယ်စပ်တစ်လျှောက် မိုင်းများ ဖယ်ရှားရေးတို့ ပါဝင်သည်။ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံလေ့လာသူအဖွဲ့ကိုလည်း ထူထောင်ရန် ပြဋ္ဌာန်းထားသည်။
အခမ်းအနားတွင် ခေါင်းဆောင်နှစ်ဦးစလုံးက သမ္မတထရမ့်၏ ပံ့ပိုးကူညီမှုအတွက် ချီးကျူးခဲ့ကြသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဒေါ်နယ်ထရမ့်ကို ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းထားကြောင်း ပြောကြားခဲ့သည်။
သမ္မတ ထရမ့်က အောက်တိုဘာ ၂၇ ရက်မှစပြီး ဂျပန်နိုင်ငံသို့ သုံးရက်ကြာသွားရောက်မည်ဖြစ် သည်။
ဧကရာဇ် နာရူဟီတိုနှင့် တွေ့ဆုံပြီး ဂျပန်ဝန်ကြီးချုပ်သစ် တာကိုင်ချီဆာနေးနှင့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန်စီစဉ်ထားသည်။ ထို့နောက် အောက်တိုဘာ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး သမ္မတ လီဂျေမြောင်နှင့် တွေ့ဆုံမည်ဖြစ်သည်။ အောက်တိုဘာ ၃၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


