တောင်ကြီး အောက်တိုဘာ ၂၆
ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကလောမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေ က အမှာစကားပြောကြားပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စာပေဟောပြောပွဲတွင် ပါဝင် ဟောပြောခဲ့သည့် စာပေပညာရှင်များနှင့် ဉာဏပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် စာရေးဆရာများနှင့် ဆရာဆရာမများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဉာဏပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရ ကျောင်းသား ကျောင်းသူများက ပြန်လည်သရုပ်ပြ တင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူများအား ကလောမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း နာယကနှင့် အဖွဲ့ဝင်များ၊ တောင်ကြီးနှင့် ကလောမြို့နယ်မှ စာရေးဆရာအသင်းဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စည်ကား သိုက်မြိုက်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


