ဘားအံ  အောက်တိုဘာ  ၂၆

၂၀၂၅  ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော ကရင်ပြည်နယ်လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းက  ဘားအံမြို့သို့ မော်တော်ယာဉ်များဖြင့်  ပြန်လည်ရောက်ရှိလာရာ ပြည်နယ်အစိုးရအဖွဲ့နှင့်ဒေသခံတိုင်းရင်းသားပြည်သူများက လှိုက်လှိုက် လှဲလှဲ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ဦးစွာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော်  တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊သိပ္ပံများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ဆရာ ဆရာမများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ က သံလွင်တံတားအဆင်း ဘားအံ မြို့အဝင်မုခ်ဦးရှေ့၌  ပြန်လည်ရောက်ရှိလာသော  အောင်ပွဲရအားကစားသမားများအား  ပန်းကုံးစွပ်၍ အောင်သပြေခက်ကမ်းပြီး ဂုဏ်ပြုကြိုဆိုခဲ့ကြကာ ယဉ်ကျေးမှုအဖွဲ့များအား    ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အနိုင်ရဗိုလ်စွဲသွားသော ကရင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား  ကြိုဆိုဂုဏ်ပြုသည့်အခမ်းအနားကို ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က   ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံသို့ အောင်ပွဲရအားကစား ဘောလုံးအသင်းက တံခွန်စိုက်ဆုဖလားကို အပ်နှံပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် ဘောလုံးအားကစားဝါသနာရှင်များက အောင်ပွဲရ ကရင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းအတွက် စုစုပေါင်း ငွေကျပ်  ၆၈၅ သိန်းကို  ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံ ဂုဏ်ပြုချီးမြှင့်ကြသည်။

ယင်းနောက် ပြည်နယ်အမျိုးသမီးဘောလုံးအသင်းအုပ်ချုပ်သူ   နော်ဩလျဖောက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်အစိုးရအဖွဲ့က တည်ခင်းဧည့်ခံသောညနေစာကို အတူတကွ သုံးဆောင်ကြကြောင်း သိရသည်။  

ပြည်နယ်(ပြန်/ဆက်)