ရန်ကုန် အောက်တိုဘာ ၂၆
၂၀၂၅-၂၀၂၆ ဘောလုံးရာသီ AFC Challenge League ပြိုင်ပွဲ အုပ်စု(E) ပထမနေ့ကို အောက်တိုဘာ ၂၆ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရာ တရုတ်(တိုင်ပေ)ကလပ် တိုင်နန်စီးတီးအသင်းက မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုအဖွင့်ပွဲတွင် အရေးနိမ့်ခဲ့သဖြင့် နောက်တစ်ဆင့်တက်ရန် ရုန်းကန်ရတော့မည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့သော်လည်း အဆုံးသတ်အားနည်းမှုကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်း ပွဲထွက်လူစာရင်းတွင် နိုင်ငံခြားသားကစားသမား ခြောက်ဦးအထိ ပါဝင်ခဲ့ပြီး ကျော်ဇင်ဖြိုး၊ ဇွဲခန့်မင်း၊ သက်ဟိန်းစိုး၊ ခွန်ကျော်ဇင်ဟိန်း၊ မြတ်ကောင်းခန့်တို့ ပါဝင်လာသည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဂိုးရနိုင်သည့် အခွင့်အရေးများရသော်လည်း အဆုံးသတ်အားနည်းမှုကြောင့် နစ်နာခဲ့ရသည်။ ထို့ကြောင့် ပထမပိုင်းပြီးခါနီး တွင် တိုင်နန်စီးတီးအသင်းက လေးမိနစ်အတွင်း နှစ်ဂိုးသွင်းယူခဲ့ပြီး ၃၉ မိနစ်တွင် ဆက်ခိုနှင့် ၄၃ မိနစ်တွင် ဂိုရီတို့က သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ချေပဂိုးရရှိရန် ကစားသမားများပြောင်းလဲကာ တိုက်စစ်မြှင့်ခဲ့ပြီး ၆၉ မိနစ်တွင် နောက်ခံလူ ရဲမင်းသူက ချေပဂိုးတစ်ဂိုးပြန်သွင်းသည်။ သို့သော် လက်ကျန်မိနစ်များတွင် ချေပဂိုးထပ်မံရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိသဖြင့် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။
ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုဒုတိယပွဲအဖြစ် အောက်တိုဘာ ၂၉ ရက်တွင် ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ချစ်ကိုကို


