ဟိုပုံး အောက်တိုဘာ ၂၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရ သာသနာ လင်္ကာရအသင်းက ကြီးမှူးကျင်းပသည့် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ ဖြေဆို အောင်မြင်သည့် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက် ၉ နာရီက နောင်တောင်း ပရဟိတတပ်ဦး ဘုန်းတော် ကြီးကျောင်း၌ ကျင်းပသည်။

 

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ဒုတိယကျောင်းအုပ်ကြီးနှင့် အရာရှိကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးခွန်သိန်းရွှေနှင့်  အဖွဲ့ဝင်များ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူများ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း ၁၀၈ ပါး တို့အား ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ ဧည့်ပရိသတ်အပေါင်းတို့က ဆီဆိုင်မြို့ ဇဝနာရာမပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တကောဝိဒါဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော် အရှင် သူမြတ်များက ပရိတ်တရားတော်များချီးမြှင့်တော် မူကြသည်။ ထို့နောက် ဆီဆိုင်မြို့ ဇဝနာရာမပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကော ဝိဒါဘိဝံသက သရဏီယဩဝါဒကထာ ချီးမြှင့်တော်မူပြီး ပအိုဝ်းဝိသာခါဓမ္မစကြာဝတ်အဖွဲ့က ရှစ်လုံးဘွဲ့ ကဗျာများဖြင့် ဂုဏ်ပြုပူဇော်သည်။

 

ထို့နောက် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့  ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက နာဂပုရ သာသနာလင်္ကာရ သာမဏေ ကျော်စာမေးပွဲ၌ အထူးအောင်အရှင်သူမြတ် ၁၅ ပါး၊ ဘွဲ့ရအရှင်သူမြတ် ၆၈ ပါးတို့အား  ဘွဲ့လက်မှတ်၊ အောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ် လှူဒါန်းပြီး ဩဝါဒါစရိယဆရာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ နာဂပုရ သာသနာ လင်္ကာရအသင်းကြီး၏  ဦး‌ဆောင်ဆရာတော် သာသနာလင်္ကာရကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာလင်္ကာရက ကျေးဇူးတင်ဝမ်းမြောက်စကား မိန့်ကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

 

ပအိုဝ်းဒေသ(ပြန်/ဆက်)