ရန်ကုန်   အောက်တိုဘာ   ၂၆

(၃၃)ကြိမ်မြောက်  ဆီးဂိမ်းပြိုင်ပွဲ  အကြိုပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံ၌ လေ့ကျင့်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အောက်တိုဘာ ၁၉ ရက်မှ ၂၆ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲသုံးပွဲကစားခဲ့ခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အောက်တိုဘာ ၂၁ ရက်တွင် ဂျပန်ကလပ်ကူနိုချီအသင်းနှင့် ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီသရေကျခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ကစားသည့် အိုဆာကာတက္ကသိုလ်အသင်းနှင့် ပွဲတွင် တစ်ဂိုး-ဂိုးမရှိ၊ အောက်တိုဘာ ၂၅ ရက်က ကစားသည့် ကန်ဆိုင်းတက္ကသိုလ်အသင်းနှင့် ပွဲတွင် တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ကူနိုချီအသင်းနှင့်  သရေကျသည့်ပွဲတွင် နှင်းပွင့်အေးက  ဂိုးသွင်းပြီး  အနိုင်ရသည့်  နှစ်ပွဲစလုံးတွင်  အိသက်ဖြိုးက အနိုင်ဂိုးများ သွင်းယူခဲ့သည်။

မြန်မာ့လက်ရွေးစင်  အမျိုးသမီးအသင်းသည်  ဂျပန်ခရီးစဉ်သို့ ကစားသမား ၂၆ ဦး ခေါ်ဆောင်သွားပြီး ဝါရင့်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းမှာမူ မလေးရှားကလပ် ဆာဘားအသင်းတွင် ကစားနေသဖြင့် လိုက်ပါနိုင်ခြင်းမရှိဘဲ ဆီးဂိမ်းပြိုင်ပွဲမှသာ ပူးပေါင်းနိုင်မည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - MFF