မန္တလေး အောက်တိုဘာ ၂၇

 

ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီး ခွဲစိတ်ကုသဆောင်(၃)ပြုပြင် မွမ်းမံခြင်းလုပ်ငန်းများ အောင်မြင်စွာပြီးမြောက်၍ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခွဲစိတ်ကုသဆောင်(၃)တွင် ကျင်းပသည်။

 

တက်ရောက်

အခမ်းအနားသို့ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယကောင်စစ်ဝန်ချုပ် Mr.Zhang Wei  ၊ မန္တလေးတိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး(ကုသရေး)ဒေါက်တာမျိုးသန့်ခိုင်၊ ဆေးရုံအုပ်ကြီးဒေါက်တာ ဆန်းလွင်ဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထား‌သည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက ခွဲစိတ်ကုသဆောင်(၃)အတွင်း ပြုပြင်မွမ်းမံ ပြီးစီးမှုနှင့် တက်ရောက်ဆေးကုသခံယူနေမှုများကို လှည့်လည်ကြည့်ရှုပြီး နှစ်နိုင်ငံအထိမ်းအမှတ် ပြုပြင်ပြီး ကမ္ပည်းကျောက်စာကို အမွေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

 

ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ကိုးထပ်ဆောင်၊ မန်း‌တောင်ရိပ်ခန်းမတွင် ဆက်လက်ကျင်းပရာ ဒုတိယကောင်စစ်ဝန်ချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး (ကုသရေး)က နှုတ်ခွန်းဆက်စကားပြာကြားကာ ဒုတိယကောင်စစ်ဝန်ချုပ်က လုပ်ငန်းပြီးစီးမှုနှင့် ပတ်သက်၍ သက်ဆိုင်သည့်စာရွက်စာတမ်းများကို ဆေးရုံအုပ်ကြီးထံ လွှဲပြောင်းပေးအပ်သည်။

 

ယင်းနောက် ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက မန္တလေးအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယကောင်စစ်ဝန်ချုပ်၊ Myanmar-China Oil and Gas Pipeline Co.,Ltd. ၊ Myanmar Conch Cement Co.,Ltd. ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းတို့မှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

 

ကူညီဆောင်ရွက်

ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီး ခွဲစိတ်ကုသဆောင်(၃)ပြုပြင် မွမ်းမံခြင်း လုပ်ငန်းကို မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ Myanmar-China Oil and Gas Pipeline Co., Ltd. နှင့် Myanmar Conch Cement Co., Ltd. အဖွဲ့သုံးဖွဲ့တို့က ပူးပေါင်းလှူဒါန်း၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်း၏ ပူးပေါင်းကူညီ ဆောင်ရွက်မှုဖြင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ဇူလိုင် ၁၇ ရက်မှစတင် ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၆ ရက်တွင် လုပ်ငန်းပြီးစီးကာ ယနေ့လွှဲ‌‌‌ပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေကျပ် သိန်း ၁၆၀၀ ခန့်ကုန်ကျခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)