ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ အောက်တိုဘာ ၂၆ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၁၀)မှာ ရီးယဲလ်မက်ဒရစ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို အမ်ဘတ်ပီနဲ့ ဘယ်လင်ဂမ်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ဖာမင်လိုပက်ဇ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အခုပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ နှစ်သင်းဆုံတွေ့ခဲ့တဲ့ အယ်လ်ကလက်စီကို ပွဲစဉ်ငါးပွဲ ပါဝင်ကစားခဲ့ရာမှာ လေးဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ချေပဂိုးထပ်မံရရှိ ရေးကြိုးစားရင်း သာမန်ပွဲကစားချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၁၀ မိနစ်မှာ ပက်ဒရီ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ရီးယဲလ်မက်ဒရစ်အသင်းကလည်း သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို ၁၁ မိနစ်မှာ လူနင် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်လ်ကလက်စီကို ပွဲစဉ်လေးပွဲစလုံးမှာ နိုင်ပွဲတစ်ပွဲမှ ရရှိခဲ့ခြင်းမရှိခဲ့ပေမယ့် အခုရာသီမှာတော့ နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် စပိန်လာလီဂါ ပွဲစဉ်(၁၀) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ခုနစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


