နေပြည်တော် အောက်တိုဘာ ၂၇

 

ချမ်းမြသာစည်မြို့နယ်၌  ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့်ငွေများ ယူဆောင်ခဲ့သည့် အမျိုးသမီးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိ

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြို့သစ် (၂) ရပ်ကွက် လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ အိမ်အမှတ် (၁၇၂) နေအိမ်၌ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း သတင်းအရ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ပိုင်ရှင် အငြိမ်းစားစာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့် ၈၄ နှစ်ကို နေအိမ်မြေညီထပ် ဧည့်ခန်းအတွင်းရှိ ထိုင်ခုံပေါ်တွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီး အတူနေ ၎င်း၏မြေးဖြစ်သူ ဒေါ်အေးအေးခိုင် ၃၆ နှစ်အား မြေညီထပ် ဧည့်ခန်းခုတင်ပေါ်တွင် ဦးခေါင်း၊ ဝဲနားထင်တို့၌ ပေါက်ပြဲ ဒဏ်ရာနှစ်ချက်ရရှိထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) နယ်မြေ ရဲစခန်း (ပ) ၁၈၉/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၂၆ ဖြင့် အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။

 

ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ တူမတော်စပ်သူ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၃) အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်း၌ တွဲဖက်တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြဆရာမ မစိုးစိုးထွန်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၎င်းအား အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီ ကျော်တွင် အခင်းဖြစ်နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံ စိုးစိုးထွန်း၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လခန့်မှစ၍ နွားထိုးကြီးမြို့နယ်မှ ယာယီနေရပ်စွန့်ခွာ၍ ပြင်ဦးလွင်မြို့၌ အိမ်ငှားရမ်းနေထိုင်ခဲ့ရသဖြင့် ငွေကြေးအခက်အခဲများစွာရှိခဲ့ကြောင်း၊ ၂၀၂၅ ဇူလိုင်လတွင် ၎င်း၏အဒေါ် တော်စပ်ပြီး မိသားစုကဲ့သို့ ရင်းနှီး၍ ဝင်ထွက်သွားလာနေသည့် ဒေါ်ခင်စိုးမြင့်က မန္တလေးမြို့ မြို့သစ် (၅) ရပ်ကွက်ရှိ နေအိမ်အားရောင်းချသည်ကို သိရှိရသဖြင့် ငွေချေးယူခဲ့ရာ ဒေါ်ခင်စိုးမြင့်က အိမ်ရောင်းရငွေ အကျေအလည်ရရှိပါက စီစဉ်ပေးမည်ဟုပြောကြားခဲ့ပြီး ငွေအကျေအလည်ရရှိပြီး အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အား ပြန်လည်ဝယ်ယူပြောင်းရွှေ့နေထိုင်ခဲ့သော်လည်း ၎င်း၏အခက်အခဲအား ဆောင်ရွက်ပေးမှုမရှိကြောင်း၊ အောက်တိုဘာ ၂၄ ရက်တွင် ဒေါ်ခင်စိုးမြင့်က ၎င်းအား ဖုန်းဆက်ခေါ်၍ အခင်းဖြစ်နေအိမ်သို့ ထပ်မံရောက်ရှိနေထိုင်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဒေါ်ခင်စိုးမြင့်၊ တူမတော်စပ်သူ မအေးအေးခိုင်တို့နှင့်အတူ ဈေးဝယ်ထွက်ပြီးနောက် နံနက် ၁၁ နာရီခန့် နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ နေ့လယ်စာစားပြီးချိန်တွင် မအေးအေးခိုင်မှာ မြေညီထပ်ဧည့်ခန်းအတွင်းရှိ ခုတင်ပေါ်အိပ်ပျော်နေစဉ် နေအိမ်ဝင်ပေါက်အနီး သစ်သားသေတ္တာအတွင်းမှ သံရိုက်တူအားယူဆောင်ကာ  မအေးအေးခိုင်အား သုံးချက်ခန့်ထုရိုက်ပြီး ထိုင်ခုံပေါ်ထိုင်နေသည့် ဒေါ်ခင်စိုးမြင့်၏ ဦးခေါင်းငယ်ထိပ်အား တစ်ချက်ထုရိုက်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်ခင်စိုးမြင့် အိပ်ခန်းအတွင်းရှိ သံသေတ္တာအား တူဖြင့်ရိုက်ဖျက်ကာ သေတ္တာအတွင်းသိမ်းဆည်းထားသည့် “အောင်သမာဓိ” တံဆိပ်ပါ ရွှေ ၁၀ ကျပ်သားတုံး တစ်တုံး၊ အိပ်ရာပေါ်ရှိ ငွေကျပ်သိန်း ၁၀၀ တို့ကို ယူဆောင်ကာ ပြင်ဦးလွင်မြို့သို့  ပြန်လာခဲ့ကြောင်း၊ အောက်တိုဘာ ၂၆ ရက် တွင် ဒေါ်ခင်စိုးမြင့်နေအိမ်မှ ယူဆောင်လာသည့် ရွှေတုံးအားရောင်းချကာ ၎င်းချေးငှားထားသည့် ငွေကြေးများ ပြန်လည်ပေးဆပ်သုံးစွဲခဲ့ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည်။

 

ထိုသို့ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့အား သံရိုက်တူဖြင့် ထုရိုက်ခဲ့သည့် စိုးစိုးထွန်းအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် သိမ်းဆည်းရန်ကျန် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

 

သတင်းစဉ်