ရန်ကုန် အောက်တိုဘာ ၂၇
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း ဆောင်ရွက်သည့် သက်ကြီး အဘိုးအဘွားများအား အထူးကုဆရာဝန်ကြီးများက ကျန်းမာရေး ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ လူငယ်စင်တာ၌ ကျင်းပသည်။
အဆိုပါ သက်ကြီးအဘိုးအဘွားများအား အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးဆေးကုသခြင်း ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြု လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ကော်မတီဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသည်။
သက်ကြီး အဘိုးအဘွားများအား အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် သာကေတမြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားမှ ကန်တော့ခံ ဆရာကြီး ဆရာမကြီးများ၊ သာကေတမြို့နယ်အတွင်းရှိ အသက်(၇ဝ)နှင့် အထက် အဘိုးအဘွားများနှင့် ရပ်ကွက်နေ ပြည်သူ ၈၀၀ ကျော်တို့အား အစာအိမ်အူလမ်းကြောင်း ရောဂါ၊ သားဖွားမီယပ်ရောဂါ၊ ဆီးနှင့် ကျောက်ကပ်ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ အရိုးရောဂါ၊ အရေပြားရောဂါ စသည့် ရောဂါအမျိုးအစား ၁၅ မျိုးကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများက အခမဲ့ခွဲစိတ်ကုသ ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


