နေပြည်တော် အောက်တိုဘာ ၂၇

 

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု အောက်ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား အခြေခံစစ်ပညာနှင့် တန်းမြင့် စစ်ပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်၌ မိုးရာသီစခန်းချလေ့ကျင့် သင်တန်းတက်ရောက်လျက်ရှိသည့် တပ်ဖွဲ့ဝင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးသည်။      

         

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများ၏ သက်ဆိုင်ရာ လေ့ကျင့်ခန်းများ သင်ကြား ပို့ချနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက သင်တန်းသားများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

 

အဆိုပါသင်တန်း၌ သင်တန်းသားများသည် ခေါင်းဆောင်မှုဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် နှင့် အခြားသောသက်ဆိုင်ရာဘာသာရပ်များကို ဆွေးနွေးပို့ချ သင်ကြားလေ့ကျင့်ပေးလျက်ရှိပြီး သင်တန်းသားများသည် ပြင်ပလေ့လာရေးများဖြစ်သည့် တပ်မတော်(လေ)နှင့် ပတ်သက်သည့် လေ့လာရေးများနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(မှော်ဘီ)သို့ လေ့လာရေးခရီးစဉ်များ သွားရောက် ကြည့်ရှုလေ့လာကြသည်။     

         

ထို့အပြင် သင်တန်းသားများသည် ညနေပိုင်း သင်ခန်းစာပို့ချမှု ပြီးဆုံးချိန်များတွင် ဘော်လီဘော ကစားခြင်း၊ ဘောလုံးကစားခြင်းနှင့် အခြားသော ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းများ ပြုလုပ်ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး  ညွှန်ကြားမှူးရုံးကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များကလည်း ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ အဆိုပါ သင်တန်း၌ မိုးရာသီစခန်းချလေ့ကျင့်ရေး သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်