မြစ်ကြီးနား အောက်တိုဘာ ၂၇
ကချင်ပြည်နယ်အတွင်း ငှက်ပျောသီးနှံတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့် အရည်အသွေးမြင့်မားသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ နည်းပညာပေး ဆွေးနွေးပွဲတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသိန်းစိုး က စိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပဈေးကွက်တင်ပို့ရာတွင် အရည်အသွေးပြည့်ဝသည့် သီးနှံထုတ်ကုန်များ ဖြစ်စေရေးနှင့် ပြည်တွင်းစားသုံးသူများ အစားအစာ ဘေးကင်းလုံခြုံမှုရှိရေး၊ သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးသည် အရေးကြီးကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် နည်းပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တောင်သူများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ပြည်နယ်သီးနှံကာကွယ်ရေးဌာနခွဲ တာဝန်ခံ ဦးဟို(မ်)နာ(သ်) က ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးအတွက် ဖျက်ပိုးများကို ဘက်စုံကာကွယ်ရေးနည်းလမ်းများ အသုံးပြု၍ ကာကွယ်နှိမ်းနင်းခြင်း၊ ပိုးသတ်ဆေးကို စနစ်တကျနှင့် အန္တရာယ်ကင်းရှင်းစွာအသုံးပြုရေး လိုက်နာဆောင်ရွက်ရေး၊ ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်လျှော့ချရေး နည်းလမ်းများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြစ်ကြီးနားခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝင်းက ငှက်ပျော စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) စနစ်နှင့်အညီ စိုက်ပျိုးထုတ်လုပ် ရမည့် နည်းလမ်းများ၊ ကံပိုင်တည် သီးနှံပိုးမွှားရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးစခန်း တာဝန်ခံ ဦးစိုးလွင်က တရုတ်နိုင်ငံသို့ တင်ပို့မည့် တစ်သျှူးငှက်ပျောသီးနှံအတွက် ထိန်းချုပ်ပိုးမွှားများ အကြောင်း ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


