လွိုင်ကော် အောက်တိုဘာ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန လွိုင်ကော်မြို့ အမျိုးသမီး အိမ်တွင်းမှု3သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ကျင်းပသည်။
ပြောကြား
အခမ်းအနားတွင် ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းစိုးအောင်က သက်မွေး ပညာကဏ္ဍအနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်းကျောင်း ကိုးကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း ၄၇ ကျောင်း ဖွင့်လှစ်ထားရှိကြောင်း၊ သင်တန်းတွင် ခေတ်နှင့်လျော်ညီသည့် စက်ချုပ် သင်ခန်းစာများ၊ လက်မှု ဘာသာရပ်များ၊ မုန့်လုပ်နည်းဘာသာရပ်များကို သင်ကြား ပေးမည်ဖြစ်ရာ သင်တန်းသူများအနေဖြင့် ဘာသာရပ်အလိုက် သင်ခန်းစာများကို မိမိတို့ လူမှုစီးပွားဘဝတွင် ပြန်လည် အသုံးချနိုင်သည်အထိ ကြိုးစားသင်ယူ သွားကြရန် ပြောကြားသည်။
ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (လွိုင်ကော်) ကျောင်းအုပ်ကြီးက အိမ်တွင်းမှုသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားမည့် သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက သင်တန်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် သင်ကြားမည့် နမူနာ လက်ရာများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ကယားပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသူ ၂၀ အား စက်ချုပ်ဘာသာရပ် ၂၀၊ လက်မှု ပညာဘာသာရပ်ရှစ်မျိုးနှင့် မုန့်လုပ်နည်း ငါးမျိုးတို့ကို အောက်တိုဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် မတ် ၂၆ ရက် အထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


