တိုကျို အောက်တိုဘာ ၂၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အောက်တိုဘာ ၂၇ ရက် ညနေ ၅ နာရီခန့်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ဟာနဲ့ဒါလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။
မစ္စတာ ဒေါ်နယ်ထရမ့်သည် မလေးရှားနိုင်ငံ၌ ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးမှ ဂျပန်နိုင်ငံသို့ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ယခုခရီးစဉ်သည် အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ဂျပန်နိုင်ငံသို့ လာရောက်သည့် လေးကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ကျင်းပသည့် နိုင်ငံ ၂၀ အုပ်စုထိပ်သီးအစည်းအဝေးကို နောက်ဆုံးတက်ရောက်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် အောက်တိုဘာ ၂၇ ရက် ညပိုင်းတွင် တွေ့ဆုံခဲ့သည်။ ထို့အပြင် မစ္စတာ ဒေါ်နယ်ထရမ့်သည် ဂျပန်ဝန်ကြီးချုပ် တာကာအိချီ ဆာနဲနှင့် အောက်တိုဘာ ၂၈ ရက်တွင် တွေ့ဆုံမည်ဖြစ်သည်။
တာကာအိချီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကြိုဆိုကြောင်း လူမှုမီဒီယာ X ပေါ်တွင် သတင်းစကားရေးသားခဲ့သည်။ အဆွေတော်ကို အောက်တိုဘာ ၂၈ ရက်တွင်တွေ့ဆုံမည်ဖြစ်ကြောင်းနှင့် မိမိတို့၏ မဟာမိတ်အဖွဲ့ကြီးကို မည်သို့မည်ပုံ ပိုမိုခိုင်မာအောင် လုပ်ဆောင်နိုင်မည်ဆိုသည့်အပေါ် ရလဒ်ကောင်းများရရှိအောင် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဖော်ပြခဲ့သည်။
တိုကျိုမျှော်စင်နှင့် တိုကျိုမိုးမျှော်သစ်ပင်တို့၌ အမေရိကန်အလံအရောင် အလှမီးများထွန်းညှိထားသည့်ပုံများကိုလည်း လူမှုမီဒီယာပေါ်သို့ တင်ခဲ့သည်။
မစ္စတာထရမ့်နှင့် တာကာအိချီဆာနဲတို့သည် ကာကွယ်ရေးဆိုင်ရာ နည်းပညာများသာမက အမေရိကန်တွင် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ဘီလီယံ ၅၅၀ ရင်းနှီးမြှုပ်နှံသွားမည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဟု မျှော်လင့်ရသည်။
အင်န်အိတ်ချ်ကေ


