အောက်တိုဘာ ၂၈
တူကီယဲနိုင်ငံအနောက်ပိုင်း ဘာလီကီဆာပြည်နယ်၌ ၆ ဒသမ ၁ ပြင်းအားရှိသော ငလျင်လှုပ်ခတ်ပြီးနောက် လူ ၁၉ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါဒဏ်ရာရရှိမှုများသည် အဓိကအားဖြင့် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် မြင့်မားသောနေရာမှ ခုန်ချခြင်းကြောင့် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများအနက် ၁၅ ဦးသည် ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေရဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပြည်ထဲရေးဝန်ကြီး Ali Yerlikaya က အဆောက်အအုံပျက်စီးမှုနှင့်ပတ်သက်သည့် အစီရင်ခံစာ ၂၅ ခု အပါအဝင် အရေးပေါ်ဖုန်းခေါ်ဆိုမှုစင်တာများမှ အစီရင်ခံစာ ၅၀၄ ခု ရရှိထားကြောင်း ပြောကြားသည်။
အသုံးမပြုရသေးသော အဆောက်အအုံသုံးလုံးနှင့် ဆိုင်တစ်ဆိုင်ပြိုပျက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဖော်ပြထားသည်။
ကွင်းဆင်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ပျက်စီးနေသော အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခြင်းမပြုကြရန် အာဏာပိုင်များက ပြည်သူများအား သတိပေးပြောကြားလျက်ရှိသည်။ ဒေသခံအများအပြားသည် ညဘက်တွင် နေအိမ်အပြင်ဘက်တွင် နေထိုင်ခဲ့ကြပြီး ဒေသခံအရာရှိများက စာသင်ကျောင်းများနှင့် ဘာသာရေးကျောင်းများကို အများပြည်သူအသုံးပြုရန် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။
အဆိုပါငလျင်သည် ဘာလီကီဆာပြည်နယ် ဆင်ဒီဂီခရိုင်တွင် ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၈ မိနစ်က မြေအောက်အနက် ၅ ဒသမ ၉၉ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အစ္စတန်ဘူလ်၊ ဘာဆာနှင့် အစ်ဇ်မီယာအပါအဝင် အနီးနားရှိ ပြည်နယ်များတွင်လည်း ငလျင်လှုပ်ခတ်မှုခံစားခဲ့ရသည်။ လေယာဉ်ပြေးလမ်း စစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် အစ္စတန်ဘူလ်လေဆိပ်နှင့် Sabiha Gokcen လေဆိပ်တို့တွင် လေယာဉ်ခရီးစဉ်များကို ခေတ္တရပ်ဆိုင်းထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


