နေပြည်တော် ​အောက်တိုဘာ ၂၈

 

ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီစဉ်ကျင်းပသည့် ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၅၇ ဦးနှင့် ကြီးကြပ်အုပ်ချုပ်သူ ဆရာ ဆရာမသုံးဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကြည့်ရှုလေ့လာကြသည်။

 

ဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပင်မအဆောက်အအုံရှိ Auditorium ခန်းမတွင် မြန်မာ့ ရုပ်မြင်သံကြား ဝန်ထမ်းများက “အားလုံးချစ်သည် MRTV” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြပြီး “နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံတော်မီဒီယာ Video Clip ကို ပြသသည်။

 

ထို့နောက် လေ့လာရေးအဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ News Channel Audio တွင် သတင်းထုတ်လွှင့်မှုကို ကြည့်ရှုလေ့လာကြသည်။

 

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက် ခဲ့သည့် အစီအစဉ်များ၌ ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စသည့် စုစုပေါင်းပြခန်း ၄၀ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှု​လေ့လာကြပြီး ပြတိုက်ဆိုင်ရာ မှတ်သားဖွယ်ရာ အဖြေလွှာများ၌ ကျောင်းသား ကျောင်းသူများ၏ ဖြည့်စွက်မှုများကို စိစစ်၍ ပြည့်စုံစွာ ဖြေဆိုနိုင်သူများကို အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် လေ့လာရေး အဖွဲ့သည် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းစာတိုက်သို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်