ရန်ကုန် အောက်တိုဘာ ၂၈
၂၀၂၅-၂၀၂၆ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးရက်သတ္တပတ် ဖြစ်သော ပွဲစဉ်(၇) ဒုတိယနေ့ကို အောက်တိုဘာ ၂၈ ရက်က ပဒုမ္မာကွင်း၌ ကျင်းပရာ Glory Goal အသင်းက YB United အသင်းကို ၁၀ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
Glory Goal အသင်းသည် ပထမအကျော့ နောက်ဆုံးပွဲကို စံချိန်တင်ဂိုးရလဒ်ဖြင့် အနိုင်ယူခဲ့ပြီး ယခုရာသီ ဒုတိယမြောက် နိုင်ပွဲရရှိခဲ့သည်။ တန်းတက် YB United အသင်းမှာမူ ရလဒ်ဆိုးရွားနေပြီး ပထမအကျော့ ခုနစ်ပွဲစလုံး အရေးနိမ့်ခဲ့သည်။
Glory Goal အသင်းသည် ပထမပိုင်းတွင် ငါးဂိုး၊ ဒုတိယပိုင်းတွင် ငါးဂိုးသွင်းယူပြီး တိုက်စစ်မှူး မီဆိုမို တစ်ဦးတည်းက ငါးဂိုးသွင်းယူခဲ့သည်။ Glory Goal အသင်းအတွက် အနိုင်ဂိုးများကို ၁၆ မိနစ်တွင် အောင်ဖြိုးသာ၊ ၂၃ မိနစ်တွင် ဟိန်းထက်အောင်၊ ၃၇၊ ၃၉၊ ၆၁၊ ၇၀၊ ၈၇ မိနစ်တို့တွင် မီဆိုမို၊ ၄၅+၁ မိနစ်တွင် သိန်းတိုးအောင်၊ ၄၇ မိနစ်တွင် ပီဂျီအီ၊ ၈၂ မိနစ်တွင် သက်ဝေယံဦးတို့က သွင်းယူသည်။
ပွဲစဉ် (၇) လက်ကျန်ပွဲများကို အောက်တိုဘာ ၃၀ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တက္ကသိုလ်ကွင်း၌ မြဝတီအသင်းနှင့် ရန်ကုန်စီးတီးအသင်း၊ ပဒုမ္မာကွင်း၌ ကချင်ယူနိုက်တက်အသင်းနှင့် ငွေကြယ်ပွင့်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ-MNL


