ဘားအံ အောက်တိုဘာ ၂၈
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ပြည်နယ်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က စနစ်သစ်ပညာရေးအစီအစဉ်အရ တက္ကသိုလ်ဝင်တန်းသင်ဆရာ ဆရာမများနှင့် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အတွက် မေးခွန်းပုံစံအရ သင်ကြားနည်းများ၊ ဖြေဆိုမည့်ဘာသာရပ်အလိုက် မေးခွန်းပုံစံ အလေ့အကျင့်ရရှိစေပြီး သင်ယူတတ်မြောက်မှု တိုးတက်ကာ တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်မားလာရေးကို ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစသိန်းကျော်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေရည်ထွန်းက အောင်ချက်မြင့်မားရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများနှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာ ဆရာမကြီးများ၊ အထက်တန်းဆင့်သင် ဆရာ ဆရာမများ တက်ရောက်ကြပြီး အောင်ချက်မြင့်မားရေးဆိုင်ရာ လုပ်ငန်းများကို တစ်ရက်ကြာ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


