အောင်လံ အောက်တိုဘာ ၂၈

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌ ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး နည်းပညာပေး ဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ ယနေ့နံနက်ပိုင်းတွင် အောင်လံမြို့ တရော်ကုန်းရပ်ကွက် အောင်မြေရွှေဝါခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွန်းက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းက စိုက်ပျိုးသီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ထွက်ရှိလာသော သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးသည်လည်း အရေးကြီးပါကြောင်း ပြောကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များက သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးအတွက် ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျ သုံးစွဲရေးနှင့် ဘက်စုံသီးနှံ ကာကွယ်ရေး နည်းစနစ်များအား ကျင့်သုံးဆောင်ရွက်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေး ပညာပေး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားပြီး ပညာပေးစာအုပ်နှင့် စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)