ရန်ကုန် အောက်တိုဘာ ၂၈
မြန်မာလူငယ်လက်ရွေးစင် ဖူဆယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၅ အာဆီယံ ယူ-၁၆ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ၂၀၂၅ အာဆီယံ ယူ-၁၉ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၂၈ ရက်က ပြုလုပ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ဖူဆယ်ပြိုင်ပွဲများကို ယခုနှစ်တွင် စတင်ကျင်းပခြင်းဖြစ်ပြီး အာဆီယံ ယူ-၁၉ ဖူဆယ်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ အာဆီယံ ယူ-၁၉ ဖူဆယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ခုနစ်သင်းရှိသောကြောင့် အုပ်စုနှစ်ခုခွဲ ကျင်းပမည်ဖြစ်ပြီး အုပ်စု(A)တွင် ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း၊ အုပ်စု (B)တွင် အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှားနှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်သည်။ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးနှစ်သင်းစီ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။
အာဆီယံ ယူ-၁၆ ဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ငါးသင်းသာရှိသဖြင့် ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံး နှစ်သင်းက ဗိုလ်လုပွဲ၊ အဆင့်(၃)နှင့် (၄)နေရာရအသင်းတို့က တတိယ လုပွဲကစားရမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ထိုင်း၊ အင်ဒို နီးရှား၊ ဗီယက်နမ်၊ မြန်မာနှင့်ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ ဖူဆယ်လူငယ်လက်ရွေးစင် အသင်းနှင့် မြန်မာ ယူ-၁၆ ဖူဆယ် လူငယ်လက်ရွေးစင်အသင်းတို့ကို အောက်တိုဘာလအတွင်း ဖွဲ့စည်းခဲ့ပြီး ယူ-၁၉ အသင်းနည်းပြချုပ်အဖြစ် ဦးကျော်စိုးမိုး၊ ယူ-၁၆ အသင်းနည်းပြချုပ်အဖြစ် ဦးကျော်ဇင်ညွန့်တို့က ကိုင်တွယ်နေသည်။ ယင်းအသင်းများကို ယခုနှစ်အတွင်း စတင်ကျင်းပသည့် MFF ယူ-၁၆ နှင့် ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲတို့မှ အလားအလာရှိသူများကို စတင်ရွေးချယ်ကာ လူရွေးပွဲကျင်းပပြီးနောက် ပဏာမကစားသမားများ ရွေးချယ်ထားခြင်းဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - MFF


