ထားဝယ် အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များအား အခွန်ပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့နယ် အခွန်ဦးစီးဌာနရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးတင်ထွန်းရွှေ က နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သည့် အခွန်စနစ်တစ်ရပ် ဖြစ်စေရေးအတွက် အခွန်နှုန်းထားများ တည်ငြိမ်မှုရှိစေရေးကို အခြေခံပြီး လက်ရှိကောက်ခံနေသည့် အခွန်နှုန်းထားများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန်ကောက်ခံရေး နယ်ပယ်များကို ချဲ့ထွင်၍ ကောက်ခံရေးမူဝါဒများ ချမှတ်ကာ အကောင်အထည် ဖော်လျက်ရှိကြောင်း၊ အခွန်ထမ်းများ အနေဖြင့် တာဝန်သိသိ လိုလားစွာဖြင့် အခွန်ပေးဆောင်စေရန်နှင့် အခွန်ထမ်း မဖြစ်သေးသူများအား အခွန်ထမ်းဖြစ်လာစေရေး တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြေစာများအပေါ် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ခြင်း ဆိုင်ရာ သိကောင်းစရာများ၊ အခွန်အကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ငွေဇင်ယော်(ထားဝယ်)


