နေပြည်တော် အောက်တိုဘာ ၂၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နှင့် အနီးတစ်ဝိုက်၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပြန်လည် လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးတို့အပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဘော်ကြို)နှင့် အခြေခံပညာ မူလတန်းကျောင်း(တိန်းချေတိန်းစံ)တို့ကို  ထပ်မံ ဖွင့်လှစ်နိုင်ခဲ့သည်။

 

သီပေါမြို့၌ အောက်တိုဘာ ၂၂ ရက်မှ ၂၅ ရက် အထိ အခြေခံပညာ ကျောင်းလေးကျောင်း ဖွင့်လှစ် နိုင်ခဲ့ပြီး ယနေ့တွင် အခြေခံပညာ ကျောင်းနှစ်ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့် စုစုပေါင်း အခြေခံပညာကျောင်း ခြောက်ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။ ထို့ပြင် ကျောင်းနေအရွယ် ကလေးများအား တန်းစဉ်အလိုက် ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့တွင် ကျောင်းသား ကျောင်းသူ ၃၄၅ ဦး ထပ်မံလာရောက် ကျောင်းအပ်နှံခဲ့သဖြင့်   စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၇၄၇ ဦးအထိရှိပြီဖြစ်ပြီး ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက  အခမဲ့ပေးအပ်သည့် ကျောင်းသုံး စာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်း ပေးအပ်ကြသည်။

 

ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက သီပေါမြို့ ကုန်းတော် ပရိယတ္တိစာသင်တိုက်၌ ယာယီရုံးခွဲဖွင့်လှစ်၍ အိမ်ထောင်စုစာရင်း တိုက်ဆိုင်စစ်ဆေးပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ယင်းအပြင် သီပေါမြို့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၄၆ ဦးနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာသုံးဦး တို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

အလားတူ တပ်မတော် မိုင်းရှင်းလင်းရေးအဖွဲ့က သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူ သွားလာ အသုံးပြုလျက်ရှိသည့် နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးလျက်ရှိပြီး တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင် စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်များကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                    

 

သတင်းစဉ်