စပိန်လာလီဂါပွဲစဉ်(၁၀)မှ အောက်တိုဘာ ၂၈ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ဘက်တစ်နှင့် အက်သလက်တီကိုမက်ဒရစ်အသင်းပွဲစဉ်တွင် အက်သလက်တီကိုမက်ဒရစ်အသင်းက ဆီမြွန်နီ၊ ဘဲ့နာတို့၏  သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

အက်သလက်တီကိုမက်ဒရစ်အသင်းသည် ပထမပိုင်းပွဲကစားချိန်အတွင်း ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့ပြီး ဆီမြွန်နီ၊ ဘဲ့နာတို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ် ဦးဆောင်ကစားနိုင်ခဲ့သည်။ ဘက်တစ်အသင်းက  တုံ့ပြန်တိုက်စစ်ဆင်မှုများမှတစ်ဆင့်   ခြေစွမ်းကောင်းအချို့ပြသနိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်းခံစစ်ကို ကျော်လွန်နိုင်ခြင်းမရှိသည့်အတွက် သွင်းဂိုးရရေး အခက်တွေ့ခဲ့ရ သည်။

ဒုတိယပိုင်းတွင်  ဘက်တစ်အသင်းက   အက်သလက်တီကိုမက်ဒရစ်အသင်းကို   တစ်ဖက်သတ် ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့သည်။ သို့သော်လည်း ဘက်တစ်အသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများကို အက်သလက်တီကိုမက်ဒရစ်အသင်း ခံစစ်နှင့် ဂိုးသမား အော့ဘလက်တို့ အကောင်းဆုံးဟန့်တားကာကွယ်နိုင်ခဲ့သည်။ အက်သလက်တီကိုမက်ဒရစ်အသင်း ဂိုးသမား  အော့ဘလက်သည်   ဘက်တစ်အသင်း၏ ဂိုးရရှိနိုင်သည့် အပိုင်အခွင့်အရေးများစွာကို လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။

အက်သလက်တီကိုမက်ဒရစ်အသင်းသည် ဒုတိယပိုင်းတွင် ဘက်တစ်အသင်း၏ ထိုးဖောက် တိုက်စစ်ဆင်မှုများကိုသာ ခုခံကာကွယ်ခဲ့ရပြီး ပြိုင်ဘက်အသင်းဘက်သို့    ဂိုးပေါက်ကန်သွင်းမှု    တစ်ကြိမ်မျှပင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ သို့သော် လည်း ပထမပိုင်း အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့ပြီး အရေးပါသည့် ဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။

အက်သလက်တီကိုမက်ဒရစ်အသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက်  လာလီဂါပွဲစဉ်(၁၀) အပြီးတွင် ငါးပွဲနိုင်၊ လေးပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ဖြင့် အမှတ်ပေးဇယားအဆင့်(၄)နေရာ တက်လှမ်းနိုင်ခဲ့သည်။ ပြိုင်ဘက် ဘက်တစ်အသင်းက လေးပွဲနိုင်၊ လေးပွဲသရေ၊  နှစ်ပွဲရှုံးရလဒ်ဖြင့်   အဆင့်(၆) တွင် ရပ်တည်နေသည်။

အောင်ဇော်