မြစ်ကြီးနား အောက်တိုဘာ ၂၉
ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စတုတ္ထအကြိမ်မြောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနား မြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း အင်ဂျန်း ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းက အမှာစကား ပြောကြားသည်။
ပွဲတော်အတွင်း ကျောင်းသား လူငယ်လူရွယ်များအတွက် ဉာဏ စွမ်းရည်ပြိုင်ပွဲများအဖြစ် လူထု အခြေပြုဗဟိုဌာန (မြစ်ကြီးနား)တွင် ကျင်းပခဲ့သော ကျပန်းနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိ ခဲ့သည့် ကျောင်းသား ကျောင်းသူများက ပြိုင်ပွဲဝင်ပုံစံဖြင့် ပြန်လည်သရုပ်ပြယှဉ်ပြိုင်မှုများ ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများနှင့်အတူ စာရေးဆရာ မစန္ဒာ ၏ “အရိပ်” စာအုပ်ဖြင့် အမြဲမပြတ် လေ့လာသင်ယူရေး စာဖတ်ဝိုင်း ကျင်းပပြုလုပ်မှုကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ကျောင်းစာကြည့်တိုက်အတွက် သုတ/ ရသ စာအုပ်စာစောင်များ ကိုလည်းကောင်း၊ ကျပန်းစကား ပြောပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ၊ သရုပ်ပြအက အဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လူငယ်များ အတွက် ကျင်းပပေးခဲ့သော ကာယ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများနှင့် စာဖတ်ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


