ရန်ကုန် အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ်(၂/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ စိုက်ပျိုးရေးဦးစီးဌာန (၉)မိုင်ဝင်း မရမ်းကုန်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးအတွက် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးသည် အရေးကြီးကြောင်းနှင့် ပိုးသတ်ဆေးအား ဥပဒေနှင့်အညီ ရောင်းချရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) သီးနှံကာကွယ်ရေးဌာနခွဲမှ သင်တန်းမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်လေးဇံက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများက ဘာသာရပ်အလိုက် ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါသင်တန်းကို အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး ပိုးသတ်ဆေးရောင်းချသည့် လုပ်ငန်းရှင်များ၊ ပိုးသတ်မှိုင်းတိုက်လုပ်ငန်းဆောင်ရွက်သူများ စုစုပေါင်းသင်တန်းသား ၂၆၉ ဦး တက်ရောက်ကြောင်း သိရသည်။
မောင်အေးချမ်း(ပြန်/ဆက်)


