ရန်ကုန် အောက်တိုဘာ ၂၉

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ ထုတ်လုပ်သည့် ပစ္စည်းနမူနာ ပြသထားရှိမှုများကို ကြည့်ရှုကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခုတို့ကို အတည်ပြုပေးသည်။

 

ယနေ့ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများသည် CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးနှင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းများဖြစ်ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၉၆ သန်းဖြစ်ကာ ပြည်တွင်းရှိ အလုပ်သမား ၃၆၉၅ ဦးအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ကြောင်း သိရသည်။

 

ထို့ပြင် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်မည့် လုပ်ငန်းတစ်ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၀ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ကြသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးအတွင်း ဆီထွက် သီးနှံ(နေကြာ)စိုက်ဧက ပြည့်မီစေရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က စားရေရိက္ခာ ဖြည့်တင်းရန် စိုက်ပျိုးရေးထုတ်ကုန် များကို ယခင်ကထက် ပိုမိုတိုးတက်ထုတ်လုပ်ရန် လိုအပ်ပြီး ဆန်၊ စပါး၊ ပဲ၊ ဆီ ဖူလုံအောင် သာမက အခြားသီးနှံများကို တစ်သီးမှ နှစ်သီး၊ သုံးသီးအထိ မိမိတို့ဒေသ၏ လယ်မြေများတွင် နေရာလပ်မကျန် အချိန်မီစိုက်ပျိုး ထားရန်လိုအပ်ကြောင်း၊ ၂၀၂၅- ၂၀၂၆ ခုနှစ်တွင် ဆောင်ရွက်မည့် ဆီထွက်သီးနှံ (နေကြာ) စီမံကိန်း လျာထားချက်ပြည့်မီစွာ စိုက်ပျိုး ထုတ်လုပ်ရေး ဆောင်ရွက်မည့် နည်းလမ်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပြီး စီမံကိန်းအောင်မြင်အောင် ဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၂၅ - ၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ(နေကြာ) စီမံကိန်း လျာထားချက်များ၊ မျိုးရရှိရေး၊ ဓာတ်မြေဩဇာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)