ညောင်ဦး ၁၇ မတ်
ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့် ကျေးရွာများအား သောက်သုံးရေများ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့ ပူးပေါင်း၍ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပရဟိတ ရေလှူအသင်းများအနေဖြင့် ညောင်ဦးမြို့နယ် ခွေးပြုတ်ကျေးရွာ၊ ထန်းပေါက်ကုန်းကျေးရွာ၊ မန်ကျည်းတန်း ကျေးရွာနှင့် ချောင်းဖီလာတဲတိုက်များသို့ သွားရောက်ပြီး ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းက သောက်သုံးရေလှူဒါန်း ပေးရာတွင် ခွေးပြုတ်ကျေးရွာအတွက် ရေဂါလံ ၄၅၀ဝ၊ ထန်းပေါက်ကုန်း ကျေးရွာအတွက် ရေဂါလံ ၆၀ဝ၀၊ မန်ကျည်းတန်း ကျေးရွာအတွက် ရေဂါလံ ၄၅၀ဝ၊ ချောင်းဖီလာတဲတိုက်အတွက် ရေဂါလံ ၁၅၀ဝ စုစုပေါင်း ရေဂါလံ ၁၆၅၀ဝ အား ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေး ရေသယ်ယာဉ်များဖြင့် စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့တယ်” ဟု မြင်းကပါကျေးရွာ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းမှ အသင်းဝင်တစ်ဦးဖြစ်သူ ဦးဇော်ပွေးက ပြောသည်။
ညောင်ဦးမြို့နယ်သည် မိုးခေါင်ရေရှား အပူပိုင်းဒေသ မိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်နေသည့်အတွက် မြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံ ကျေးလက်နေပြည်သူများ နှစ်စဉ်သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပြီး ယခုနှစ်တွင် ညောင်ဦးမြို့နယ်၌ မိုးရွာသွန်းမှု လျော့နည်းခဲ့သည့် အတွက် အညာကျေးလက်ဒေသများရှိ မြေသားမိုးရေလှောင်ကန်ကြီးများတွင် မိုးရေဝင်ရောက်မှုများ နည်းပါးခဲ့ကာ ရေခန်းခြောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ကျေးလက်နေပြည်သူများအနေဖြင့် တစ်နှစ်ပတ်လုံး သောက်သုံးရေအတွက် အဝီစိ စက်ရေတွင်းများကိုသာ မှီခိုအားထား ပြုနေရပြီး အဝီစိစက်ရေတွင်း မရှိသည့် ကျေးရွားများနှင့် တဲတိုက်များရှိ ပြည်သူများမှာ ယခုလို ပူပြင်းခြောက်သွေ့သည့် နွေဥတုတွင် သောက်သုံးရေ အခက်အခဲများ နှစ်စဉ်ကြုံတွေ့နေရကြောင်း ညောင်ဦးမြို့နယ် ထန်းပေါက်ကုန်းကျေးရွာမှ ဒေသခံပြည်သူများထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


