နေပြည်တော် အောက်တိုဘာ ၂၉

 

PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများ ပျက်ပြားစေရန် ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်လျက်ရှိကြရာ ယနေ့တွင် ရွှေဘို-ကျောက်မြောင်း-စဉ့်ကူး-မန္တလေး သွားကားလမ်းပေါ်ရှိ ဧရာဝတီမြစ်ကူးတံတား တစ်စင်းဖြစ်သည့် ဧရာဝတီတံတား (ရတနာသိင်္ခ) အား အကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့‌ကြောင်း သိရသည်။ 

 

အဆိုပါ တံတားသည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ကို ဆက်သွယ်ထား၍ ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဓိကအရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး အဆိုပါတံတားအား အောက်တိုဘာ ၂၉ ရက် နံနက် ၆ နာရီ ၁၀ မိနစ် ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ ရေလည်တိုင်များဖြစ်သည့် တိုင်အမှတ် RP4 နှင့် RP5 တို့အကြားတွင်လည်းကောင်း၊ RP6-A2 ချဉ်းကပ်လမ်းနေရာတို့တွင်လည်းကောင်း ကျိုးကပျက်စီးခဲ့သည်။ ထိုသို့အကြမ်းဖက်သမားများ၏ အမြော်အမြင်မဲ့စွာ ဆင်ခြင်မှုမရှိသော ဖျက်လို ဖျက်ဆီးလုပ်ရပ်များကြောင့် ယခုအခါ မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ဘဲ ကုန်စည်စီးဆင်းမှုများ ရပ်တန့်လျက်ရှိကြောင်း သိရှိရသည်။

 

ဧရာဝတီတံတား (ရတနာသိင်္ခ) သည် တံတားအရှည်ပေ ၂၄၈၀၊ (သံကူကွန်ကရစ်တံတား)၊ တံတားအကျယ် ၂၅ ပေ၊ လူသွားလမ်း ဘယ်/ ညာ ၃ ပေရှိပြီး တံတားဆောက်လုပ်ရေးအထူးအဖွဲ့-၁၄ မှ ၂၀၁၀ ပြည့်နှစ် ဧပြီ ၁၆ ရက်တွင် စီမံကိန်းစတင်ကာ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ယခုအခါ PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များက ဒေသတွင်းကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ၊ လူ့အခွင့်အရေးများ များစွာဆုံးရှုံးအောင် လုပ်ဆောင်နေကြသည့်အပေါ် ဒေသခံပြည်သူများက သိရှိနားလည် သဘောပေါက်လာကြပြီဖြစ်ပြီး ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် ဧရာဝတီတံတား (ရတနာသိင်္ခ) အား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် ရွံရှာမုန်းတီးစွာကန့်ကွက် ရှုတ်ချလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်လည်း အဆိုပါတံတားအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်