ရန်ကုန် အောက်တိုဘာ ၃၀

 

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏ ပူးပေါင်းမှုဖြင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ကြီးမှူးကျင်းပသည့် ဒီပါဝလီ မဟာလက်ချ်မီးမယ်တော် ပူဇော်ပွဲနှင့် ဆီမီးထွန်းပွဲတော် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပသည်။

 

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းနာယက ပညာရေးကော်မတီဥက္ကဋ္ဌ ဦးနေအုပ်(စိန်ပေါလ်)၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်နှင့် တာဝန်ရှိသူတို့က ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ဘောက်ထော်ဘူတာရုံလမ်း အမှတ်-၂၉/၃၁ ရှိ မဟာလက်ချ်မီး မယ်တော်ဘုရားကျောင်းဝင်းအတွင်းရှိ ဗောဓိညောင်ပင်တွင် စံပယ်လျက်ရှိသော ဗုဒ္ဓမြတ်စွာဘုရား ဆင်းတုတော်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ဆက်ကပ်ပူဇော်ကြသည်။

 

ဆက်လက်၍ မြဝတီမီဒီယာစင်တာ၌ ဆီမီးထွန်းပွဲတော်အခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးယာယီတာဝန်ခံ၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းနာယက၊ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးနေအုပ်(စိန်ပေါလ်)တို့က ဒီပါဝလီ မဟာလက်ချ်မီးမယ်တော်ပူဇော်ပွဲနှင့် ဆီမီးထွန်းပွဲတော်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး ကြပြီး ဧည့်သည်တော်များနှင့်အတူ မင်္ဂလာဆီမီးတိုင်ကို ထွန်းညှိပေးကြသည်။

 

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက H.E. Mr. Abhay Thakur၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းနာယက၊ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မြင့်တို့က အမှာစကားပြောကြားကြပြီး ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ Mr. Naresh Kumarက ကျေးဇူးတင်စကားပြောကြားသည်။

 

ဆက်လက်၍ အိန္ဒိယသံရုံးက မြန်မာ-ဟိန္ဒူ ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြပြီး ဧည့်သည်တော်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး(ဗဟို)အဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် တာဝန်ရှိသူများ၊ မြန်မာပြည်ဖွား ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

သတင်းစဉ်