နေပြည်တော် အောက်တိုဘာ ၃၀
ပင်လောင်း မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ ငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်း ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၃ ရက် ညနေ ၄ နာရီခွဲတွင် သတင်းအရ ပင်လောင်းမြို့နယ် လိန်းလီကျေးရွာအနီးတွင် ရှိုင်းဗိုလ် (ခ) ငမော့ မောင်းနှင်လာသော DONGFENG မော်တော်ယာဉ်ပေါ်မှ ဘိန်းဆီခဲ ၇၄ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ကိုး ကီလို၊ အက်တက်စီ ဆေးပြား ၁၀၀၀၊ ကက်တမင်း ၁၁ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၄ သိန်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ သတင်းကွင်းဆက်အရ အောက်တိုဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ် (ည) ရပ်ကွက် ၅၅ x ၅၆ လမ်း ကြားနှင့် ၁၄၁ x ၁၄၂ လမ်းကြားတွင် ဇင်ဖြိုးဦး (ခ) ကိုဖြိုးအား NISSAN ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၆ ဒသမ ၁၇ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၇၇၅ ဂရမ်တို့ နှင့် အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဘိန်းဖြူ ၆ ဒသမ ၁၇ ကီလို (ဒေသတန်ဖိုးငွေကျပ် ၁၅၄၂ ဒသမ ၅ သိန်း)၊ ဘိန်းဆီခဲ ၇၄ ကီလို (ဒေသတန်ဖိုးငွေကျပ် သိန်း ၁၄၈၀)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၉ ဒသမ ၇၇၅ ကီလို (ဒေသတန်ဖိုး ငွေကျပ်သိန်း ၆၃၃၀)၊ အက်တက် စီဆေးပြား ၁၀၀၀ (ဒေသ တန်ဖိုး ငွေကျပ်သိန်း ၄၅၀)၊ ကက်တမင်း ၁၁ ဒသမ ၂ ကီလို (ဒေသတန်ဖိုး ငွေကျပ်သိန်း ၁၁၂၀)၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁ ဒသမ ၁၄ သိန်း (ဒေသတန်ဖိုးငွေကျပ်သိန်း ၅၇၀) စုစုပေါင်းတန်ဖိုးငွေကျပ် ၁ ဒသမ ၁၄၉၂၅ ဘီလီယံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ မော်တော်ယာဉ် နှစ်စီး၏ ပိုင်ရှင် ရဲစိုးဦး(ခ) ရဲနိုင် (ဖမ်းဆီးရန်ကျန်) သည် မိုင်းရယ်မြို့မှ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများအား ကရင်ပြည်နယ် ဘားအံမြို့သို့လည်းကောင်း၊ မန္တလေးမြို့သို့ လည်းကောင်း၊ ဘုတလင်မြို့နယ်နေ ရာဇာလင်း (ခ) မော်စီ (ဖမ်းဆီး ရန်ကျန်) နှင့် ရှိုင်းဗိုလ် (ခ) ငမော့ တို့အား သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


