နေပြည်တော် အောက်တိုဘာ ၃၀
ညောင်ရွှေမြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ မှ လုံခြုံရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့ ဟူပင်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး၊ ညောင်ရွှေမြို့နယ် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရှမ်းတောင်ဇုန်)၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၌ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များစွာ ရှိသည့်အနက် မြန်မာ့ရိုးရာသိုင်းပညာသည် အလွန်အရေးပါသည့် အမွေအနှစ်တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ သိုင်းပညာရပ်ကို လေ့လာသင်ယူခြင်းဖြင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရုံသာမက စည်းကမ်းပြည့်ဝမှု၊ အတွေးအခေါ်နှင့် ယုံကြည်မှု၊ သစ္စာစောင့်သိမှု၊ အပြန်အလှန်လေးစားမှု၊ စိတ်ဓာတ်တည်ကြည်မှုတို့ ရရှိစေနိုင်ကြောင်း၊ သင်တန်းမှ သင်ခန်းစာများကို ကြိုးစား လေ့လာကြပြီး လူမှုအသိုက်အဝန်း ပတ်ဝန်းကျင်ကို စောင့်ရှောက်နိုင်သော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ရှမ်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက် ချမှတ်ဆောင်ရွက်နေမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ခရီးစဉ်ဒေသဖော်ထုတ် ဆောင်ရွက်လျက်ရှိမှုများကို ရှင်းလင်းပြောကြားပြီး သင်တန်းသားများအား သင်ကြားပြသပေးနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ညောင်ရွှေမြို့ရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန သတင်းနှင့် ပြန်ကြားရေး ကောင်တာ၌ ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များ၊ ခရီးသွားလမ်းညွှန်မြေပုံများ၊ စာအုပ်၊ စာစောင်များ ခင်းကျင်းပြသထားမှုနှင့် ညောင်ရွှေမြို့ရှိ ငလျင်ဒဏ်သင့် ဟိုတယ်အဆောက်အအုံများ ပြန်လည် ပြုပြင်မွမ်းမံနေမှုကို ကြည့်ရှုစစ်ဆေးသည်။
အောက်တိုဘာ၂၈ ရက်က ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မိုင်းပန်ဒေသသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်စေရေးအတွက် မိုင်းပန်မြို့အတွင်း ခရီးစဉ် ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ထုတ် နိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒေသ၏ ခရီးသွားလုပ်ငန်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား တွေ့ဆုံအားပေး စကားပြောကြားကာ မေတ္တာလက်ဆောင်များ ပေးအပ်သည်။
ဆက်လက်၍ ဘုရားဖူးခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး မိုင်းပန်မြို့ ဗုဒ္ဓဂယာ ကုန်းပင်း ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
သတင်းစဉ်


