သုံးခွ အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်၌ ကတုံးပေါ်အလယ်ကျေးရွာ ပစ်တိုင်းထောင် ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်ရေး မိုးစပါး ရိတ်သိမ်း ခြွေလှေ့နေမှုကို အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီက သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမှု အခြေအနေများ၊ စပါးဖျက်ပိုး ကျရောက်မှုကို ကာကွယ်နှိမ်နင်း ခြင်းဆိုင်ရာ အကြောင်းအရာများနှင့် သီးနှံအထွက်နှုန်း ကောင်းမွန် ရေးနည်းလမ်းများကို တောင်သူများအား ပြောကြားခဲ့သည်။ သုံးခွ မြို့နယ်အတွင်း ပဲတီစိမ်း တစ်ဆက်တစ်စပ်တည်း ဧက ၁၀၀၀ စိုက်ပျိုးနိုင်ရေးအတွက် မျိုးရရှိရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် မိုးစပါး ရိတ်သိမ်းသည့် အသင်းသား ၄၃ ဦး၏ စိုက်ပျိုးဧက ၃၂၀ မှ အသင်း သားတောင်သူများ၏ မှော်ဘီ(၃) မျိုးစပါးရိတ်သိမ်းနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)


