နေပြည်တော် အောက်တိုဘာ ၃၀

 

နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ် နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန် လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်း ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်အသီးသီးမှ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တက္ကသိုလ်လေ့ကျင့်ရေး တပ်များ၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်း စခန်းချလေ့ကျင့်ရေး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အောင်မြင်စွာ သင်တန်း ဆင်းပေးနိုင်ခဲ့သည်။

 

အဆိုပါ သင်တန်းဆင်းပွဲများကို နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဗထူး တပ်မြို့၊ မွန်ပြည်နယ် ချောင်းဆုံမြို့၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တို့ရှိ နယ်မြေခံ သင်တန်းကျောင်း ခန်းမများ၌ ကျင်းပကြသည်။

 

အဆိုပါ သင်တန်းဆင်းပွဲများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းဆင်း အမှာစကားများ ပြောကြားကြသည်။

 

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ ဆုတံဆိပ် ရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများနှင့် ဆုရရှိကြသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

 

အဆိုပါ သင်တန်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၈၈ ဦး တို့ကို သင်တန်းကာလ ရက်ပေါင်း ၃၀ ဖွင့်လှစ်၍ ကိုယ်လက်ကြံ့ခိုင်ရေး ဘာသာရပ်၊ မြန်မာ့သိုင်း ဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ ကိုယ်စီ စစ်မြေပြင်ကျွမ်းကျင်မှု ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ သဘောတရားရေးဆိုင်ရာ ဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာ ဘာသာရပ်၊ ကျန်းမာရေးနှင့် ရှေးဦးသူနာပြု ဘာသာရပ်များနှင့် စက်ပစ်ကွင်း လက်တွေ့ပစ်ခတ်ခြင်း သင်ခန်းစာများအား လေ့ကျင့်သင်ကြားပေးခြင်းအပြင် အထွေထွေဗဟုသုတ ရရှိစေရေး အတွက် ပြင်ပလေ့လာရေးခရီးစဉ်များကိုလည်း လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်