နေပြည်တော် အောက်တိုဘာ ၃၀

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ “မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်တေးဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၃၁ ရက် (သောကြာနေ့) ည ၉ နာရီခန့်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို  မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့၏    တီးခတ်မှုနှင့်အတူ နာမည်ကျော် တေးသံရှင်များဖြစ်ကြသည့် ရဲထိုက်၊ တက္ကသိုလ်ရဲဝင့်လှိုင်၊ မိုးသောက်ကြယ်၊ ဂျွန်နိုင်းအောင်၊ အိအိလှိုင်၊ ချစ်စုစံ၊ ထွန်းပပအောင်၊ ခင်လပြည့်ဝန်း၊ ရွှေရုပ်လေး၊ ချောစု သံစဉ်နှင့် မိုးဖူးဖူးခင်တို့က တန်ဆောင်မုန်းလ၏ ကြည်လင်သာယာလှပမှု၊ ကထိန်အလှူပွဲ၊ မသိုးသင်္ကန်းရက်ပြိုင်ပွဲနှင့် မီးထွန်းပွဲတို့ဖြင့် ပွဲတော်များစုံလင်မှု၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများ   ပြည့်စုံမှုတို့ကို ညွှန်းဆိုရေးဖွဲ့ထားသည့် တေးသီချင်းကောင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမှုနှင့် အတူ MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်သည့်အပြင် နိုဝင်ဘာ ၂ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်