၂၀၂၅ ခုနှစ်သည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်အခါဖြစ်သည်။ အထူးသဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဦးတည်ချက်ချမှတ်ထားသော “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေး အင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး” အချိန်ကာလဖြစ်သည်။

 

ယခုအခါ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထု တစ်ရပ်လုံးလိုလား တောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော အချိန်အခါဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် တရားဝင်အသိအမှတ်ပြုထားသော နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများက နယ်မြေဒေသအသီးသီးသို့ ကွင်းဆင်းသွားရောက်ပြီး ရွေးကောက်ပွဲဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်နေပြီဖြစ်သည်။

 

၂၀၂၅ ခုနှစ်တွင် တစ်မျိုးသားလုံး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ပြည်သူလူထုတစ်ရပ်လုံး အားပေးချီးမြှောက်မှုဖြင့် ခမ်းနားထည်ဝါ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှတစ်ဆင့် မြန်မာတို့၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေသော စိတ်ဓာတ်ခွန်အားများကို ရှင်သန်နိုးကြားလာအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

 

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ခမ်းနားထည်ဝါ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ လူငယ်များအားလုံး စိတ်တူညီမျှ အတူတကွ ပေါင်းစည်းညှိနှိုင်းဆွေးနွေးကြပြီး ငြိမ်းချမ်းရေး ပန်းတိုင်ဆီသို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန် အမျိုးသားရေးအားမာန်များဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။

 

၂၀၂၅ ခုနှစ်တွင် ပြည်သူတစ်ရပ်လုံးဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ငြိမ်းချမ်းရေးခရီးဆက်နိုင်ရေးတို့ကို အားလုံး တပေါင်းတစည်းတည်းလက်တွဲလျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များလည်း များစွာရှိနေသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ် မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် အားကစားဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ မြန်မာ့လက်ရွေးစင် အားကစားသမားများ ပွဲမဝင်မီပြင်ဆင်ထားရာ ပြည်သူများကလည်းအားပေးကြမည် ဖြစ်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံတော်ကို တိုင်ထိပ်တွင်လွှင့်ထူနိုင်ခြင်းဖြင့် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာအခင်းအကျင်းဖြစ်ပေါ်လာရေးအတွက် ကဏ္ဍ အလိုက် အစွမ်းကုန် ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်သည်။ တစ်ဆက်တည်းတွင် ဒီဇင်ဘာလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် လမ်းလျှောက်ပွဲကျင်းပနိုင်ရေးနှင့် နိုင်ငံတော်ကချမှတ်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ အားကစားဖြင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်မည့် မျိုးဆက်သစ်အားကစားသမားများ ရရှိစေရေးအတွက် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးကဲ့သို့ လူထုလှုပ်ရှားမှုအားကစား အမျိုးမျိုးမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်လာရေး၊ ပြည်သူလူထု တစ်ရပ်လုံး မြန်မာ့အားကစားကို ဂုဏ်ယူသောစိတ်ဓာတ်မှတစ်ဆင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် များ ရှင်သန်နိုးကြားလာအောင် ကြိုးစားကြရမည်ဖြစ်သည်။

 

၂၀၂၅ ခုနှစ်သည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပေါ်လာစေရေး၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အချိန်အခါဖြစ်ရာ ထိုသို့သောနိုင်ငံအတွက် အရေးကြီးသည့်အချိန်အခါတွင် တိုင်းရင်းသားပြည်သူများနှင့် ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးသားရေးအားမာန်များ ရှင်သန်ထက်မြက်ခိုင်မာ စေမည့် လူထုလှုပ်ရှား ဆောင်ရွက်မှုအမျိုးမျိုးတွင် နိုးကြားတက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။