ရန်ကုန် အောက်တိုဘာ ၃၁

 

MSME ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချမည့် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲပြင်ဆင် ဆောင်ရွက်နေမှု များကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများက တန်ဆောင်တိုင်ဈေးရောင်းပွဲတော် နှင့် ဂီတဖျော်ဖြေပွဲ ကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက် နေသည့် မုခ်ဦးဆိုင်းဘုတ်နှင့် မီးအလှဆင်နေမှုများ၊ ကြာရုပ်ပုံစံမီးအလှဆင်နေမှုများ၊ အသဲပုံစံ မုခ်ဦးမီးအလှဆင်နေမှုများ၊ ပုဂံပုထိုးတော်ပုံစံ လျှောက်လမ်း မုခ်ဦးမီးအလှဆင်နေမှုများ၊ ဆောင်းပုံစံနှင့် ဆွမ်းအုပ်ပုံစံ မီးအလှဆင်နေမှုများ၊ မီးပုံး အကြီး/အသေး အလှဆင် ဆောင်ရွက်နေမှုများ၊ ဂီတဖျော်ဖြေပွဲစင်နှင့် မီးအလှဆင်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

အဆိုပါ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာအရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း ၅၆၈ ခန်း ခင်းကျင်းရောင်းချမည်ဖြစ်ရာ ပွဲတော်ရက်များအတွင်း အလှူရှင်များက နေ့စဉ်စတုဒိသာ ကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

 

ပွဲတော်လာ ပြည်သူများသွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/အပို့ ကားများစီစဉ် ဆောင်ရွက်ထားရှိပြီး အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၂)လမ်းမကြီး စီးပွားရေးတက္ကသိုလ်(ရန်ကုန်) ရှေ့တွင် ရေစီးရေလာကောင်းမွန်ရေး အတွက် စက်ယန္တရားများဖြင့် ဇလားပုံရေမြောင်း ဆောင်ရွက်နေမှုနှင့် ပြည်သူများ သွားလာရေး အဆင်ပြေ စေရန်အတွက် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)