နေပြည်တော် အောက်တိုဘာ  ၃၁

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ညနေပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ဆေးရုံအဆောက်အအုံများ ထိခိုက်ပျက်စီးမှု ရှိသဖြင့် ယာယီပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသော ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်နှင့် သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်တို့ မူလဆေးရုံနေရာ များ၌ ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ကာကုသရေးလုပ်ငန်းများ   ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုသည်။

 

အားပေးစကားပြောကြား

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်သို့ ရောက်ရှိပြီး ဆေးကုသဆောင် (၁)၊ ဆေးကုသဆောင် (၂)နှင့် မွေးကင်းစကလေးကုသဆောင် တို့တွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုကြည့်ရှုပြီး ဆေးရုံတက်ရောက်နေသည့် လူနာများနှင့်မိသားစုဝင်များ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများကို  တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လူနာများဘေးကင်းလုံခြုံရေး အလေးထားရန်၊ ပြင်ဆင်ရန်ကျန်ရှိသော၊ ပြင်ဆင်ရာတွင် အရည်အသွေးကောင်းမွန်သော အဆောက်အအုံများဖြစ်ပြီး လူနာများနှင့်ကျန်းမာရေးဝန်ထမ်းများ စိတ်အေးချမ်းစွာ ကုသမှုဆောင်ရွက်နိုင်ရေးအလေးထားရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်သို့ ရောက်ရှိပြီး ပြင်ပလူနာဌာန၊ သားဖွားဆောင်၊ မီးယပ်ဆောင်၊ ခွဲစိတ်ခန်းများနှင့် မွေးကင်းစ ကလေးကုသဆောင်တို့တွင် လူနာများလက်ခံကုသမှုအခြေအနေ၊  ခွဲစိတ်ကုသမှုများဆောင်ရွက်မှုအခြေ အနေနှင့်မွေးကင်းစကလေးများ အထူးကြပ်မတ်ကုသမှု အခြေအနေများ ကြည့်ရှု၍လူနာများ၊ လူနာ မိသားစုများ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့်ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအားပေး စကားပြောကြားခဲ့ကာ ကျန်ရှိသောပျက်စီးအဆောက်အအုံများအားပြင်ဆင်မှု အမြန်ပြီးစီးရေး၊ ပြင်ဆင်သည့် အဆောက်အအုံများ အရည်အသွေးကောင်းမွန်စေရေးနှင့် ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်