ပြည် နိုဝင်ဘာ ၁
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး တောင်ဘက်စောင်းတန်းအသစ် ဖွင့်လှစ်ခြင်းနှင့် စက်လှေကားအသစ်ဖွင့်လှစ်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ သဲဖြူမဟာမြိုင် ဆရာတော်ကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူးနှင့် ရွှေဆံတော်ဂေါပကအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ “ပုညကရဏ” လေးထပ်ဓမ္မာရုံကြီး၌ ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တကုမာရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော အလှူရှင်များက ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ် သရဇ္ဈယ်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုကြသည် ။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ကြွရောက်လာသည့် ဆရာတော် ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သဲဖြူမဟာမြိုင်ဆရာတော် ဒေါက်တာဘဒ္ဒန္ပညာဇောတ မထေရ်မြတ်ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ ပြည်မြို့ လေးဆူဓာတ် ပျော်ရွှေဆံတော်စေတီတော်မြတ် ကြီး၏ တောင်ဘက်စောင်းတန်း အသစ်နှင့် စက်လှေကားအသစ်ကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များစုပေါင်း၍ ငွေကျပ် သိန်း ၇၇၀၀ ကျော် အကုန်အကျခံ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


