ကျောက်မဲ    နိုဝင်ဘာ    ၁

 

ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာန    ကျောက်မဲခရိုင်  စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီနှင့်    နှီးနွှယ်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စေတနာရှင်များပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများကြောင့် ၂၀၂၄ ခုနှစ် ဇွန်လကုန်မှစ၍ လုပ်ငန်းယာယီရပ်ဆိုင်းထားသော ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကို ပြန်လည်ပြုပြင်ပြီး ယနေ့နံနက်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်၍ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

 

ကျောက်မဲခရိုင်       ကုသရေးဦးစီးဌာနအနေဖြင့် ကျောက်မဲမြို့ “လာဘမုနိ” တရုတ်ဘုံကျောင်းတွင် အောက်တိုဘာ ၅ ရက်မှစ၍       ယာယီဆေးရုံ ဖွင့်လှစ်ပြီး     ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိရာ ထိုဒေသအနီးတစ်ဝိုက်မှ တိုင်းရင်းသားပြည်သူများ လာရောက်ကုသမှုခံယူလျက်ရှိပြီး အောက်တိုဘာ  ၅ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ လူနာ ၃၃၈၅ ဦးကို လိုအပ်သောကုသမှုများ  ဆောင်ရွက်ပေးခဲ့သည်။

 

အလားတူ  လုပ်ငန်းယာယီရပ်ဆိုင်းထားသော ကျောက်မဲမြို့နယ်   နောင်ပိန်တိုက်နယ်ဆေးရုံကို အောက်တိုဘာ ၂၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ထားရှိ ပြီး  ထိုဒေသအနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသား ပြည်သူများကို ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ကျန်းမာရေးဝန်ကြီးဌာနသည်     ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှု တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့်   ကျေးလက်ကျန်းမာရေး ဌာနခြောက်ခု ပြန်လည်ဖွင့်လှစ်ထားရှိပြီး      ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်း        လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိသည်။

 

ကျောက်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ     အခြေခံကျန်းမာရေးဝန်ထမ်းများသည် ကျောက်မဲမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများကို  ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊  ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်း၊ ကိုယ်ဝန်ဆောင်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးလုပ်ငန်း၊     ကျောင်းကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ပြန်လည်အားဖြည့် ဆောင်ရွက်ရန်အတွက် အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊   အသက် (၁၅) နှစ်အောက် ကလေးများအား အထူးအစီအစဉ် (Special  Immuni-zation Activities)ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ပေးခြင်း  စသည်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့  ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင်    ကျောက်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ဝန်ထမ်းများသည် အောက်တိုဘာ ၁၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ    အသက်(၁၅)နှစ်အောက်  စုစုပေါင်း ၃၇၂၃ ဦးကို လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။  

 

 

သတင်းစဉ်