ရန်ကုန် နိုဝင်ဘာ ၁
၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များနှင့် Drum Seeder များ ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ညောင်ကုန်းကျေးရွာ တောင်သူ ဒေါ်အေးအေးပိုင်၏ လယ်တွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက Drum Seeder ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းအားဖြင့် တောင်သူကြီးများအတွက် ပျိုးနုတ်စိုက်ပျိုးခြင်း လုပ်အားခကုန်ကျစရိတ်ကို သက်သာစေခြင်း၊ အချိန်ကုန်သက်သာစေခြင်းနှင့် သီးနှံများညီညာစွာ ပေါက်ရောက်စေခြင်းတို့ကြောင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြောင်းနှင့် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ အောင်မြင်ရေးအတွက် ရေရရှိရေးသည် အဓိကအကျဆုံး အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက တောင်သူများအား Drum Seeder များနှင့် နေကြာမျိုးစေ့များကိုပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက Drum Seeder များအကြောင်းကို တက်ရောက်လာသူများအား ရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ကမိုးစပါးစံပြကွက်အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှု၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးနေမှုများ၊ Drum Seeder များ၊ ဓာတ်မြေဩဇာများ၊ ပြသထားသည့် စပါးမျိုးစေ့ နမူနာများနှင့် စိုက်ပျိုးရေးသုံးပြခန်းများကို လှည့်လည် ကြည့်ရှုအားပေးသည်။ ယနေ့မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲတွင် တောင်သူဒေါ်အေးအေးပိုင်၏လယ် ကိုရိတ်သိမ်းရာ တစ်ဧကလျှင် စပါးတင်း အခြောက် ထွက်နှုန်း ၁၂၈ တင်း ထွက်ရှိသည်။
ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့ ညပိုင်းကလည်း လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်တည်ဆောက်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် လမ်းသားများခွဲရာတွင် စနစ်တကျဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့နောက် MSME ထုတ်ကုန်ပစ္စည်းများ၊ ဒေထွက်ကုန်ပစ္စည်းများ ရောင်းချမည့် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတွင် ရေပန်းများ၊ အလှပန်းခင်းများနှင့် အလှမီးများ ပြင်ဆင်ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


