ခင်ခင်သက်

နန်ကျင်းမြို့ဟာ တရုတ်နိုင်ငံ ကျန်းစုပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။ ရှေးမင်းနေပြည်တော်လည်းဖြစ်ခဲ့တဲ့ နန်ကျင်းဟာ ရှေးဆန်မှုတွေနဲ့အပြိုင်ခေတ်မီမြို့ပြရဲ့ အငွေ့အသက်တွေနဲ့ ခရီးသွားတွေကို စွဲဆောင်နိုင်တဲ့ မြို့တစ်မြို့ပါ။ ဒီမြို့မှာ နှစ်ရက်တာ လည်ပတ်ခွင့်ရချိန်မှာ ကြည်နူးစရာ၊ အားကျစရာ၊ ဂုဏ်ယူစရာ၊ စိတ်လှုပ်ရှားစရာ စတဲ့ ခံစားချက်ပေါင်းစုံပေးစွမ်းနိုင်ခဲ့ပါတယ်။

နန်ကျင်းမြို့ကို အောက်တိုဘာလအတွင်းက လည်ပတ်ခွင့်ရခဲ့ပါတယ်။   ဒီမြို့ကို   လာရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ဟာ ဆောင်းဦးရာသီ အောက်တိုဘာလ၊   နိုဝင်ဘာလနဲ့   နွေဦး ကာလ   မတ်လမှ   ဇွန်လအစောပိုင်းကာလတွေဖြစ်တာကြောင့် အောက်တိုဘာလမှာ မြို့ရဲ့အလှဟာ ထင်ရှားလို့နေပါတယ်။ ခေတ်မီမြို့ပြနဲ့  လိုက်ဖက်ညီစွာ လမ်းဘေးဝဲယာတစ်လျှောက် လှပတဲ့ မြေယာရှုခင်းတွေ၊ သစ်ပင်ပန်းမန်တွေနဲ့ သဘာဝအလှကို ထပ်ဆင့်မွမ်းမံထားသလို မြင့်မားလှတဲ့ အဆောက်အအုံတွေ၊ ခေတ်မီတဲ့ ဒီဇိုင်းတွေနဲ့ အမျိုးမျိုးသော တိုက်ကြီးတွေဟာ နန်ကျင်းရဲ့ ခေတ်မီတဲ့လူနေမှု အဆင့်အတန်းကို ပုံဖော်နေပါတယ်။ ဒီလို ခေတ်ရဲ့ ဟန်အပြည့်ရှိနေတဲ့ အလှတွေကြားမှာ တစ်ခေတ်တစ်ခါက မင်းနေပြည်တော်အဖြစ် မာန်ဝင့်ခဲ့တဲ့ နန်ကျင်းရဲ့ အငွေ့အသက်တွေကိုလည်းဖျောက်ဖျက်မထားခဲ့ပါဘူး။    

နန်ကျင်းမြို့ရိုး  

နန်ကျင်းမြို့မှာ တွေ့မြင်ခဲ့တဲ့  နန်ကျင်းမြို့ရိုးဟာ   ခေတ်မီတဲ့အဆောက်အအုံတွေ၊ ကျယ်ပြန်တဲ့လမ်းမကြီးတွေနဲ့ တစ်ဆက်တစ်စပ်တည်း ခမ်းနားဝင့်ကြွားစွာ တည်ရှိနေပါတယ်။  ဟွန်ဝူဘုရင်ဟာ   မင်မင်းဆက်ကို တည်ထောင်ခဲ့ပြီး   ၁၃၆၈ ခုနှစ်မှာ    နန်ကျင်းကို မြို့တော်အဖြစ် တည်ထောင်ခဲ့ပြီးနောက် ဒီမြို့ရိုးကို တည်ဆောက်ခဲ့တာပါ။  တည်ဆောက်ချိန်မှာ တောင်ပိုင်းက    ကျူးကျော်သူတွေရဲ့ရန်ကနေ ကာကွယ်ဖို့ဖြစ်ပြီး တရုတ်နိုင်ငံသမိုင်းတစ်လျှောက် တည်ဆောက်ခဲ့တဲ့  အကြီးဆုံးမြို့ရိုးတွေအနက် တစ်ခုလည်းဖြစ်ပါတယ်။  ဒီနေ့ခေတ်မှာတော့ မြို့ရိုးပေါ်မှာ မီးတိုင်တွေ၊ အလှဆင်မီးတွေနဲ့ မွမ်းမံ ထားပြီး ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခံထားရတဲ့   မြို့ရိုးကြီးကို   ခေတ်မီမြို့ကြီးအလယ်မှာ ထည်ထည်ဝါဝါ တွေ့မြင်နေရပါတယ်။ 

နန်ကျင်းပြတိုက်

နန်ကျင်းမြို့ရဲ့ လည်ပတ်စရာနေရာတွေထဲမှာ နောက်ထပ်ချန်ထားလို့မရတဲ့ နေရာတစ်ခုကတော့ နန်ကျင်းပြတိုက်ပါ။   ၁၇ ဧကခန့်ကျယ်ဝန်းတဲ့ မြေပေါ်မှာ တည်ဆောက်ထားတဲ့ နန်ကျင်းပြတိုက်ဟာ တရုတ်နိုင်ငံအတွင်း အကြီးမားဆုံးပြတိုက်တွေထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပြတိုက်ရဲ့ဝင်ပေါက် အဆောင်ကိုတော့ ခေတ်မီဒီဇိုင်းနဲ့ ဖန်တီးထားပြီး အစဦးဆုံးဝင်ရောက်ရတဲ့   ပြခန်းအဝင်ကတော့ ရှေးခေတ်လက်ရာတွေနဲ့ ပုံဖော်ထားတာကိုလည်း တွေ့ရပါတယ်။  ဒီပြတိုက်မှာ ခင်းကျင်းပြသထားတဲ့ ပစ္စည်းအရေအတွက်ဟာ လေးသိန်းခန့်ရှိတယ်လို့လည်း မှတ်သားမိပါတယ်။ ပြခန်းခန်းမအနေနဲ့ဆိုရင် စုစုပေါင်း ၁၂ ခန်းရှိပြီး    ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေထဲမှာ  ရှေးခေတ်အသုံးအဆောင်တွေ၊ ဘုရင်တွေနဲ့ တော်ဝင်မျိုးနွယ်တွေ သုံးခဲ့တဲ့ပစ္စည်းတွေကစလို့ စစ်လက်နက်တွေ၊ ကျောက်စိမ်းအသုံး အဆောင်တွေလည်းပါဝင်တာ တွေ့ရပါတယ်။

နန်ကျင်းနယူးရှိုးတောင်ယဉ်ကျေးမှုခရီးသွားဇုန်

နန်ကျင်းနယူးရှိုးတောင်ယဉ်ကျေးမှုခရီးသွားဇုန်ဟာ နန်ကျင်းမြို့ရဲ့ တောင်ဘက်မှာတည်ရှိပြီး မြို့ထဲကနေ ၁၅ ကီလိုမီတာအကွာမှာ  တည်ရှိပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားဇုန်တစ်ခုအဖြစ် ကျော်ကြားတဲ့  ဒီစင်တာမှာ  ဗုဒ္ဓဘာသာဆိုင်ရာ ရှားပါးပစ္စည်းနဲ့  အနုပညာလက်ရာတွေကို ပေါင်းစည်းသိုလှောင်ပြသထားတာကိုလည်း တွေ့ရမှာပါ။ နွားဦးချိုသဏ္ဌာန်ရှိတဲ့ ဒီတောင်ဟာ  အရင် တစ်ချိန်ကတော့ မိုင်းတွင်းတွေ တည်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာမှ   ခရီးသွားဇုန်အဖြစ်    ပြန်လည်ဆန်းသစ်ဖန်တီးထားတာလည်းဖြစ်ပါတယ်။ သဘာဝတရားရဲ့ အလှအပနဲ့ ကြည်နူးစရာခံစားမှု တွေကို  ခရီးစဉ်က  အသေအချာပေးစွမ်းနိုင်မှာပါ။ ဒီယဉ်ကျေးမှုဇုန်ကို   သွားရောက်လည်ပတ်ရာမှာ အဝင်ကနေ တောင်ပေါ်ရောက်တဲ့အထိ လမ်းလျှောက်ပြီး တက်လို့ရသလို ကားနဲ့လည်းတက်ရောက်နိုင်ပါတယ်။ လမ်းလျှောက်ရင်ဖြင့် အစအဆုံး ၄၅ မိနစ်ခန့် ကြာမြင့်နိုင်ပေမယ့်  လမ်းဘေးဝဲယာရှုခင်းတွေနဲ့ ပတ်ဝန်းကျင်က တောင်တွေရဲ့ အလှကိုလည်း ခံစားနိုင်မှာပါ။

ဒီခရီးသွားဇုန်ကို ၂၀၁၄ ခုနှစ်အတွင်း ခရီးသွားစွဲဆောင်ရာနေရာတစ်ခုအဖြစ်    ဖွင့်လှစ်ခဲ့တာဖြစ်ပေမယ့်  ဒီဒေသကတော့   ရှေးတန်မင်းဆက် လက်ထက်မှာကတည်းက    ဘာသာရေးဆိုင်ရာ နယ်ပယ်တစ်ခုအဖြစ် တည်ရှိခဲ့တာပါ။ ဒီခရီးစဉ်မှာ သွားရောက်လည်ပတ်စရာနေရာတွေ များစွာရှိပေမယ့် အများစုကတော့ ဖူးဂုန်းသာကျောင်းတော်နဲ့ သာသနာရေးပြတိုက်ကို သွားရောက်ကြတာများပါ တယ်။ ဖူးဂုန်းသာကျောင်းတော်ဟာ  သမိုင်းဝင်အမွေအနှစ်နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ  ဗုဒ္ဓရဲ့ဦးခေါင်းတော်ဓာတ်တော်ကို  ထားရှိကိုးကွယ်ထားပြီးတော့ ဒီအချက်ကြောင့်လည်း ကျောင်းတော်ဟာ ဗုဒ္ဓဘာသာဝင်တို့ အလေးအနက်ထားလာရောက်လည်ပတ်စရာနေရာ ဖြစ်နေတာပါ။

ရှေးခေတ်လက်ရာတွေနဲ့ ထည်ဝါစွာတည်ရှိနေတဲ့ ဖူးဂုန်းသာကျောင်းတော်နဲ့အပြိုင် ခေတ်မီဆန်းသစ်တဲ့  ဒီဇိုင်းနဲ့ဆောက်လုပ်ထားတဲ့ အဆောက်အအုံကတော့ သာသနာရေးပြတိုက်ကြီး ဖြစ်ပါတယ်။   ဒီပြတိုက်ရဲ့ဒီဇိုင်းဟာ   အတော်လေးထူးခြားပါတယ်။ မျက်နှာပြင်မှာ အချွန်သေးသေးလေးတွေပါဝင်တဲ့  အမိုးခုံးနှစ်ခုကို ထပ်ဆင့်ထားပြီး အရောင်ကိုတော့ ဗုဒ္ဓဘာသာဝင် သံဃာတော်တွေရဲ့ သင်္ကန်းအရောင်နဲ့ ဖန်တီးထားတာပါ။ ဒီအမိုးခုံးမှာပါဝင်တဲ့ အချွန်ငယ်လေးတွေကတော့ ဗုဒ္ဓမြတ်စွာရဲ့ ဆံကျစ်တော်ကို ရည်စူးထားတာလို့ သိရှိကြည်ညိုရပါတယ်။ ဒီပြတိုက်ကိုတော့ သဘာဝကျကျလှပစေဖို့ ကျောက်သားအသွင် နံရံတွေနဲ့ ဆင်ယင်ထားတာပါ။ ဒီပြတိုက်ထဲကို ဝင်ရောက်ဖို့အတွက် ဝင်ပေါက် ၂၄ ပေါက်ရှိပြီးတော့  ဒီအရေအတွက်ဟာ   မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့  ၂၄ ပစ္စည်းတရားတော်ကို ရည်ညွှန်းပူဇော်ထားတာလို့လည်း  မှတ်သားခဲ့ရပါတယ်။

ဒီပြတိုက်အတွင်းမှာတော့ ခေတ်အဆက်ဆက်ကလက်ရာတွေ၊ နေရာဒေသစုံက ယဉ်ကျေးမှုဟန်ပန်တွေ ရောယှက်နေတဲ့ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်တွေကို ဖူးတွေ့ရပါတယ်။ မိုင်းတွင်းဟောင်းပေါ်မှာ တည်ဆောက်ထားတဲ့   ဒီပြတိုက်ကို    လာရောက်လည်ပတ်သူတွေဟာ မြေအောက်ထဲကို တစ်ထပ်ချင်းဝင်ရောက်ရင်းနဲ့ ဘေးဝဲယာမှာ ပူဇော်ထားတဲ့ မြတ်စွာဘုရားဆင်းတုတော်တွေကို ဖူးတွေ့နိုင်ပြီး အဆုံးမှာတော့  လျောင်းတော်မူ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူကို ခန်းမကျယ်ကြီးအတွင်းသပ္ပာယ်စွာ ဖူးတွေ့ရပါတယ်။ ဘေးဘက်နံရံပေါ်မှာတော့ ဒီခရီးသွားဇုန်အတွင်းမှာရှိတဲ့ တောင်တွေ၊ ဘုရားကျောင်းတွေကို အစုံအလင်ထည့်သွင်းရေးဆွဲထားတဲ့ ပန်းချီကားချပ်ကြီးကို တွေ့မြင်ရပါတယ်။ ဒီပြတိုက်မှာ ခင်းကျင်းထားတဲ့  ဗိသုကာလက်ရာတွေဟာ ခေတ်သစ်ဒီဇိုင်းနဲ့ ရှေးရိုးဗိသုကာစပ်ကူးများကို ပေါင်းစပ်ထားတာ တွေ့ရပါတယ်။   ဘာသာရေးဆိုင်ရာ နေရာတစ်ခုဖြစ်တာနဲ့အညီ   ရွှေရောင်နဲ့ အနီရောင်ကို အဓိကထား အသုံးပြုထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ညဘက်တွေမှာတော့ နန်ကျင်းဟာ ရောင်စုံမီးရောင်တွေထဲမှာ ပိုမိုလှပလို့နေပါတယ်။ ခေတ်မီဒီဇိုင်းနဲ့ ထွန်းညှိထားတဲ့ အမျိုးမျိုးသော ရောင်စုံမီးတွေထဲမှာ   ရှေးခေတ်ဆန်ဆန်မီးပုံးလေးတွေ ချိတ်ဆွဲထွန်းညှိထားတဲ့ ကွန်ဖြူးရှပ်ဘုရားကျောင်း ဈေးဟာ နန်ကျင်းရဲ့ညတွေထဲမှာတော့ လူအစည် ကားဆုံးနေရာတစ်ခုပါ။ ဒီဘုရားကျောင်းပတ်ဝန်းကျင်မှာ နာမည်ကျော်လှတဲ့ ရိုးရာစားသောက်ဆိုင်တွေလည်း ရှိပါတယ်။   ဒါ့အပြင်  မြစ်အတွင်းမှာ လှေစီးရတဲ့ခရီးစဉ်ကတော့ ခရီးသွားတွေ  အလွန်နှစ်သက်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ သစ်သားလှေလေးပေါ်မှာ ရိုးရာတေးသွားတွေကို   ငြိမ့်ငြိမ့်ညောင်းညောင်းခံစားရင်း ဘေးဝဲယာက ရောင်စုံမီးအလှတွေနဲ့ ဆင်ယင်ဖန်တီးထားတဲ့ အဆောက်အအုံတွေကို တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် တွေ့မြင်ရမှာပါ။ ရိုးရာလှေလေးပေါ်က လွမ်းဆွတ်ဖွယ်ခံစားမှုတွေ စွဲကျန်ရစ်ခဲ့ပြီးနောက်မှာတော့ နန်ကျင်းရဲ့ ခေတ်မီမှုကို မီးမောင်းထိုးပြနေတဲ့ ကျည်ဆန်ရထားကိုစီးကာ  နှုတ်ဆက်ခဲ့ရပါပြီ။   နန်ကျင်း-ရှန်ဟိုင်းကျည်ဆန်ရထားပေါ်မှာ ကျည်ဆန်ရထားပထမဆုံးစီးရတဲ့အတွေ့အကြုံကို စိတ်လှုပ်ရှားမိရင်း နှစ်ရက်တာလည်ပတ်ခဲ့ရတဲ့  နန်ကျင်းကို နောက်ထပ်   တစ်ခေါက်တစ်ခါအရောက်လာပြီး ဒီထက်သာလွန်တဲ့ အတွေ့အကြုံတွေ ထပ်မံရှာဖွေချင်မိနေပါတော့တယ်။         ။