နေပြည်တော်     နိုဝင်ဘာ   

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းတွင်  ဒုတိယဝန်ကြီး  ဦးဗိုလ်ဗိုလ်ကျော်၊ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးခန့်မွန်ဆွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်)ဖွင့်လှစ်ရေးအတွက်   အကြိုလုပ်ငန်းများ ဆောင်ရွက်နေမှု သင်ကြားရေး ဆရာ ဆရာမများနှင့် ရုံးလုပ်ငန်းဝန်ထမ်းများ လုပ်ငန်းခွင်ဝင်ရောက်ရန် အသင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးကြသည်။

ဦးစွာ  တာဝန်ရှိသူများက  စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) ပင်မဆောင်တွင် ရုံးခန်း၊ စာသင်ခန်းများ နေရာချထားရန် လျာထားမှု၊ မြေနှင့် အဆောက်အအုံများ ပရိဘောဂများလွှဲပြောင်း လက်ခံရရှိမှု၊ ရုံးခန်းနှင့် ဝန်ထမ်းများအား ယာယီနေရာ ချထားမှု၊  စိုက်ပျိုးရေးနှင့်  မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွဲ့စည်းပုံနှင့်  ခွင့်ပြု ခန့်ထားအင်အားနှင့် ရန်ပုံငွေဆိုင်ရာများကို တင်ပြကြသည်။

တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင် အရင်းအမြစ်များ တိုးမြှင့်မွေးထုတ်ပေးနိုင်ရန် နိုင်ငံတော်က မြန်မာနိုင်ငံအောက်ပိုင်းဒေသ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် အသစ်တိုးချဲ့ဖွင့်လှစ်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်အနေဖြင့် ယခုနှစ်တွင် ပထမနှစ်ဘွဲ့ကြိုသင်တန်းကို စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စာသင်နှစ်အလိုက် တန်းစဉ်များ တိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်၍  လိုအပ်ချက်များကို ဦးစားပေးအလိုက် စီမံဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊  တက္ကသိုလ်၏  အဆောက်အအုံများ၊  လမ်း နှင့် ရေမြောင်းများ ပြင်ဆင်မွမ်းမံမှုဆိုင်ရာ လုပ်ငန်း များကို မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများက  ကဏ္ဍအလိုက် တာဝန်ခွဲဝေဆောင်ရွက်သွားမည်ဖြစ်၍ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဝိုင်းဝန်းကြိုးပမ်းကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်အဝင်မုခ်ဦးနှင့်လမ်းများ ပြင်ဆင်ဆောင်ရွက်နေမှု၊ ကျောင်းမျက်နှာစာရှိ  မူလရေဝပ်နေရာအား ယာယီရေကန်ငယ်အဖြစ် ဆောင်ရွက်နေမှု၊ ကျောင်းအတွင်းရှိ ရုံးခန်းများ၊  စာသင်ခန်းများ၊  ဓာတ်ခွဲခန်းနှင့်   စာကြည့်တိုက်တို့ကို  ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သင်ကြားရေး ဆရာ ဆရာမများ၊ ရုံးလုပ်ငန်းဝန်ထမ်းများအား  တွေ့ဆုံအားပေးစကားပြောကြားပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆိုလာမီးအိမ်များ ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းခြံစည်းရိုးများ ကာရံခြင်းလုပ်ငန်းခွင်နှင့် ရေနုတ်မြောင်းများ၊ ကျောင်းသားကျောင်းသူအဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ အားကစားကွင်းများ မွမ်းမံပြင်ဆင်ရန် ဆောင်ရွက်နေမှု၊ ကျောင်းသား ကျောင်းသူ  ၂၀၀၀ အတွက် အဆောင်ဆောက်လုပ်ရန်  ရွေးချယ်ထားသည့်မြေနေရာတွင် အောက်ခံမြေလွှာ စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်