မြစ်ကြီးနား နိုဝင်ဘာ ၂
ကချင်ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီးဖလား ၂၀၂၅ ခုနှစ် တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၌ ဌာနေတိုင်းရင်းသားမျိုးနွယ်စု ပေါင်းစုံ၊ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က တိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းပြီး ဘောလုံးပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး မျိုးနွယ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ကြောင်း ကြေညာကာ ဘင်ခရာအတီးအမှုတ်များနှင့် အတူ မိုးပျံပူဖောင်းများ လွှင့်တင်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကချင်တိုင်းရင်းသားမျိုးနွယ်စုအသင်းများဖြစ်သည့် ဂျိမ်းဖော၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်းဝါး၊ လီဆူ၊ ရဝမ်မျိုးနွယ်စု ခြောက်မျိုး၊ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုအသင်းများဖြစ်သည့် တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီ မျိုးနွယ်စု ငါးမျိုးနှင့် ဗမာတိုင်းရင်းသားမျိုးနွယ်စုအပါအဝင် ဘောလုံးအသင်း ၁၂ သင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားမျိုးနွယ်စုအလိုက် လာရောက်ကြည့်ရှုအားပေးသူများ၊ ဘောလုံးချစ်ပရိသတ်များနှင့်အတူ ဖွင့်ပွဲအထိမ်းအမှတ် လော်ဝေါ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကိုလည်းကောင်း၊ တိုင်းလိုင်နှင့် တိုင်းဆာရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ အကအလှဖြင့် ဖျော်ဖြေတင်ဆက်မှုများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအကအဖွဲ့များနှင့် ဖွင့်ပွဲတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာအဖွဲ့နှင့် ကျောင်းသူများအား ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကာ တိုင်းရင်းသားမျိုးနွယ်စုဘောလုံးအသင်း ၁၂ သင်းတို့အတွက် တစ်သင်းလျှင် ငွေကျပ် ၁၀ သိန်း နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၁၂၀ ကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက အဖွင့်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံလော်ဝေါ်မျိုးနွယ်စု ဘောလုံးအသင်းနှင့် တိုင်းလုံရှမ်းမျိုးနွယ်စုဘောလုံးအသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။
ယနေ့ နံနက်ပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း ဖော်ထုတ်လျက်ရှိသော အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ ကွန်ပျူတာတက္ကသိုလ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများအပါအဝင် ကျေးရွာတိုးချဲ့ကွက်သစ် မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း ကွင်းအမှတ် (OSS-၂၈၂) ပိတောင်ပယ်ဖျက်ကွင်းအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာဧက ၄၈၀ အတွင်း ဌာနဆိုင်ရာ မြေနေရာသတ်မှတ် လျာထားပြီးစီးမှု၊ ပတ်လမ်းများဆောင်ရွက်ပြီးစီးမှုနှင့် ကျေးရွာတိုးချဲ့ကွက်သစ်မြေဧရိယာအား အဆောက်အဦနှင့် အိုးအိမ်ဦးစီး ဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများက မြေပြင်အခြေအနေ ကွင်းဆင်းတိုင်းတာ၍ အိမ်ရာမြေကွက်များ၊ ဈေး၊ ကျောင်းနှင့် ကစားကွင်းများ၊ လမ်းသွယ်များနှင့် ရေကျော်တံတား တည်ဆောက်မည့်မြေနေရာများ သတ်မှတ်လျာထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


