နေပြည်တော် နိုဝင်ဘာ ၃

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ ပြိုင်ပွဲကို ယနေ့တွင် ဒုတိယနေ့အဖြစ် သတ်မှတ်နေရာများအလိုက် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ယနေ့သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ ဘုရားမုခ်ဦးအပြင် ကားရပ်နားဝင်းနေရာများ၌ ဒေသခံများအပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးကားများ များပြားလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဘုရားအဝင်အထွက်လမ်းကြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးကြပြီး ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌လည်း မီးထွန်းပွဲတော်ကြီးသို့ ပါဝင်ဆင်နွှဲရန် ရောက်ရှိလာကြ သည့် ရဟန်းသံဃာတော်များ၊ ဘုရားဖူးပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်လက်အေးချမ်းစွာ ဘုရားဖူးမြော် ပါဝင်ဆင်နွှဲနိုင်ရေးအတွက် တာဝန်ရှိသူများက ဘုရားမုခ်ဦးများရှေ့တွင် လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက် ပေးကြသည်။

 

ထိုသို့ ဘုရားဖူးလာကြသူများအနက်မှ သံဃာတော်များ၊ မသန် စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ သွားလာရေးလွယ်ကူစေရန်အတွက် မော်တော်ယာဉ်ငယ်များ၊ ဝီးချဲလ်များဖြင့် စနစ်တကျ ပို့ဆောင်ပေးကြကာ ပွဲတော်အတွင်း ကုသိုလ်ပြု ဆီမီးထွန်းညှိနိုင်မည့်နေရာများ၊ မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲ ကျင်းပမည့် နေရာများ၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်မည့်နေရာ၊ ဈေးပွဲတော် နေရာများနှင့် ဖျော်ဖြေရေးအစီအစဉ် နေရာများကိုလည်း အလွယ်တကူ သွားရောက်နိုင်ရေးအတွက် တာဝန်ရှိသူများက လမ်းညွှန်ပြသပေးကြသည်။ 

 

ထို့နောက် တန်ဆောင်တိုင် မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာရဟန်းရှင်လူ၊ ပြည်သူများသည် စိတ်အေးချမ်းသာစွာဖြင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီး ကပ်လှူဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်အတွင်း ဆီမီး ၉၀၀၀ ကပ်လှူ ပူဇော်ခြင်း၊ အသံမစဲပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်းနှင့် ဝတ်အသင်းအဖွဲ့ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မေတ္တာပို့သခြင်းတို့တွင် ကုသိုလ်ယူ ပါဝင်ဆင်နွှဲကြရာ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တရားဓမ္မ အသံများဖြင့် ထုံးမွှမ်းလျက်ရှိသည်။

 

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား တတိယအကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ် ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်က “တော်ဝင်ရွှေပြည်”၊ ကချင်ပြည်နယ်က “မနောမြေ”၊ ကယားပြည်နယ်က “ကန္ဒရဝတီ”၊ ကရင်ပြည်နယ်က “ ဇွဲကပင်”၊ ချင်းပြည်နယ်က “တောင်ဇလပ်”၊ စစ်ကိုင်းတိုင်းဒေသကြီးက “ရွှေဇေယျာ”၊ တနင်္သာတိုင်းဒေသကြီးက “ရွှေဝယ်သီရိ”၊ ပဲခူးတိုင်းဒေသကြီးက “ရှင်စောပု”၊ မကွေးတိုင်းဒေသကြီးက “တော်ဝင်ရတနာ”၊ မန္တလေးတိုင်းဒေသကြီးက “အမရရွှေပြည်”၊ မွန်ပြည်နယ်က “ရာမည”၊ ရခိုင်ပြည်နယ်က “လေးရပ်ဝတီ”၊ ရန်ကုန်တိုင်းဒေသကြီးက “တော်ဝင်ဒဂုံ”၊ ရှမ်းပြည်နယ်က “သုဇာတာ”နှင့် ဧရာဝတီတိုင်းဒေသကြီးက “ရွှေပြည်ဧရာ” စသည့် ရက်ကန်းစင် ၁၅ စင်ဖြင့် သတ်မှတ်နေရာအသီးသီးတွင် မြိုင်မြိုင်ဆိုင်ဆိုင် စတင်ယှဉ်ပြိုင်နေကြသည်ကိုလည်း တွေ့မြင်ရသည်၊၊

 

အဆိုပါပြိုင်ပွဲဖွင့်ပွဲ မစတင်မီနှင့် စတင်ချိန်တွင် နိုင်ငံကျော်တေးသံ ရှင်များဖြစ်ကြသည့် ဖော်ဝေး၊ ဖိုးသောကြာ၊ J Fire၊ ဆုထက်လှိုင်၊ ရဲထိုက်တို့က တေးသီချင်းများဖြင့် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန၊ မြဝတီရုပ်မြင်သံကြား၊ ယဉ်ကျေးမှုတက္ကသိုလ်(မန္တလေး၊ ရန်ကုန်)တို့မှ ဝန်ထမ်းများနှင့် အနုပညာရှင်များက တန်ဆောင်တိုင်ပွဲတော်ကို ဖော်ကျူးရေးဖွဲ့ထားသည့် တေးသီချင်းများဖြင့် တွဲဖက်၍ ယိမ်းအကအလှများဖြင့်လည်းကောင်း သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြရာ ဘုရားဖူးလာပြည်သူများ ပါဝင်ဆင်နွှဲကြသည်၊၊

 

ထို့ပြင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အသင်းများက မြတ်စွာဘုရားရှင်အား မီးပုံးပျံလွှတ်တင် ပူဇော်မည့်နေရာ အသီးသီး၌လည်း ဘုရားဖူးလာ ပြည်သူများက ကြိုတင်စောင့်ဆိုင်း ရောက်ရှိနေကြပြီး မီးပုံးပျံ အောင်မြင်စွာ လွှတ်တင်နိုင်ရေး အတွက် တာဝန်ရှိသူများဆောင်ရွက် နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း အထူးစိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။

 

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက မြတ်စွာဘုရားရှင်အား မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ စတင်သည်နှင့် တစ်ပြိုင်နက် မီးပုံပျံများလွှတ်တင်ရန် ပြင်ဆင်ဆောင်ရွက်နေချိန်နှင့် လွှတ်တင်ပူဇော်ချိန်တွင် သက်ဆိုင်ရာပြိုင်ပွဲဝင်အသင်းက တိုင်းရင်းသားရိုးရာ အကအလှများ၊ အိုးစည်ဒိုးပတ်၊ သံချပ်တီးလုံးများ၊ ယိမ်းအကအလှများနှင့် တွဲဖက်၍ တေးသီချင်းများဖြင့် ကြည်နူးပျော်ရွှင်စွာ သီဆိုကပြ ဖျော်ဖြေကြရာ ဘုရားဖူးလာပြည်သူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်၊၊

 

ယနေ့ညတွင် ဝန်ကြီးဌာနအလိုက် မီးပုံးပျံလွှတ်တင်ယှဉ်ပြိုင်ပွဲများအဖြစ် စိန်နားပန်မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက “ရင်းနှီး/မြှုပ်နှံပြည့်အားမာန်”၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက “ဒီပပူဇာ”၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက “ခရီးသွားရောင်စဉ်”၊ နိုင်ငံခြားရေးဝန်ကြီးဌာနက “သားကောင်းတမန် ပြည့်အားမာန်”၊ ကျန်းမာရေးဝန်ကြီးဌာနက “အာရောဂျံ”၊ ပညာရေးဝန်ကြီးဌာနက “သုခမိန်” နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက “ပြည့်ဂုဏ်ဆောင်” စသည့် မီးပုံးပျံအမည်တို့ဖြင့် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြသည်။

 

အလားတူ ညမီးကြီးမီးပုံးပျံ လွှတ်တင်ပူဇော် ပြိုင်ပွဲတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနက “သာယာရွှေပြည်”၊ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနက “ပြည်လုံး ချမ်းသာ”၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနက “တိုးတက်မောင်”၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက “ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်”၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက “ပန်းခင်းဝေဖြာပြည်သာယာ”၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက “သီးနှံပန်းတိုင်ပြည့်မဏ္ဍိုင် မွေးမြူစိုက်ပျိုးရိက္ခာတိုး” နှင့် စက်မှုဝန်ကြီးဌာနက “စက်မှုအားမာန်” စသည့် မီးပုံးပျံအမည်များဖြင့် အောင်မြင်စွာ လွှတ်တင်နိုင်မှုနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဝန်ထမ်းများနှင့် ပြည်သူများကလည်း သတ်မှတ်နေရာ များ၌ မီးပုံးပျံငယ်များကို ပြိုင်တူ လွှတ်တင်ခဲ့ကြသည်၊၊

 

ပြိုင်ပွဲဝင်အသင်းများက ဘုရားဝင်းအတွင်း သတ်မှတ်နေရာများအလိုက် အလှညမီးကြီးများ၊ စိန်နားပန် မီးပုံးပျံကြီးများအား ကောင်းကင်ယံထက်သို့ အောင်မြင်စွာ လွှတ်တင်ပူဇော်ချိန်တွင် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မိုးယံထက်၌ ရောင်စုံအလှမီးရှူးမီးပန်းများ ယှက်ဖြာလင်းလက်ပြီး ရောင်စုံလွှမ်း၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရောင်စုံမီးအလင်းတန်းများဖြင့် ညွှတ်တွားပူဇော်နေကြသည့် မြင်ကွင်းမှာ နေပြည်တော် တန်ဆောင်မုန်းလ၏ ညအလှကို ပိုမိုပေါ်လွင်စေခဲ့ပြီး ဘုရားဖူးလာပြည်သူများ၏ စိတ်တွင်လည်း ကြည်နူးပီတိစွာ တွေ့မြင်ခံစားရသည်၊၊

 

ထို့ပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် အတွင်း၌လည်း LED မီးများဖြင့် အလှဆင် ပူဇော်ထားရှိသည့်အတွက် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီ၊ ပုထိုးများ၏သပ္ပာယ်မှုများနှင့် အံ့မခန်းဗိသုကာလက်ရာများ၊ ကျောက်စာရုံစေတီတော်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရားများ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို လေ့လာကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများတွင် မိသားစုလိုက်၊ မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့လိုက် ပျော်ရွှင်စွာ အမှတ်တရ ဓာတ်ပုံရိုက်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည်၊၊

 

တန်ဆောင်တိုင်မီးထွန်းပွဲတော်လာ ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ ကုသိုလ်ကောင်းမှု ပြုလုပ်ကြပြီး ပွဲတော်ကို ဆင်နွှဲနိုင်ရေးအတွက်လည်း တာဝန်ရှိသူများက ဘုရားပရိဝုဏ်အတွင်း လိုအပ်သည်များကို စနစ်တကျ ကူညီဆောင်ရွက်ပေးသည့်အပြင် ဘုရားဖူးလာပြည်သူများ ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပေါ်လာပါက အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက်လည်း ကျန်းမာရေးစောင့်ရှောက် မှုဆေးခန်းများ ဖွင့်လှစ်ထားရှိ သည်ကိုလည်း တွေ့မြင်ရသည်။

 

အဆိုပါ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်ကို နိုဝင်ဘာ ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့)တွင်လည်း စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည်ဖြစ်သည့်အပြင် နံနက်ပိုင်းတွင်လည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား မသိုးရွှေကြာသင်္ကန်းကို တတိယအကြိမ်မြောက်အဖြစ် ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း၊ မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့် ခြင်းအခမ်းအနားများ ကျင်းပသွာမည်ဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူ များအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း တန်ဆောင်တိုင်လပြည့်ည၏ရသကို အပြည့်အဝခံစားရင်း ကုသိုလ်ယူပါဝင်နိုင် ကြောင်း သိရသည်၊၊

 

သတင်း - ဟိန်းမင်းကျော်

ဓာတ်ပုံ - ဖိုးပြည့်စုံ၊ သီဟ