နေပြည်တော် နိုဝင်ဘာ ၃

 

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် မြန်မာ-ရုရှား နှစ်နိုင်ငံဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)ရှိ မီတာ ၆၀၀ အာဆီယံစက်ပစ်ကွင်း၌ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)
ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းဗိုလ်လောင်းများ၊ ရုရှားနိုင်ငံ ရုရှားတပ်မတော်မှ သေနတ်ပစ်အသင်းအဖွဲ့ခေါင်းဆောင် Lieutenant Colonel Andrey SEMENENKO၊ ဒုတိယစစ်သံမှူး Lieutenant Colonel Aleksei OLEINIKOV ၊ နည်းပြအရာရှိများနှင့် ပြိုင်ပွဲဝင် ဗိုလ်လောင်းများ တက်ရောက်ကြသည်။

 

ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအလံကို စက်ပစ်ကွင်းအတွင်း သယ်ဆောင်ပြီး နှစ်နိုင်ငံအလံလွှင့်ထူကာ အလေးပြုကြသည်။ ထို့နောက်  ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်အောင်မျိုးသန့်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက် ကြသည်။

 

ဆက်လက်၍ မီတာ ၃၀၀ ဗိုလ်လောင်းရိုင်ဖယ် ပစ်ပြိုင်ပွဲ၊ ၂၅ မီတာ ဗိုလ်လောင်း ပစ္စတိုပစ်ပြိုင်ပွဲ စသည့် ပြိုင်ပွဲအမျိုးအစားအလိုက် သေနတ်ပစ်ပြိုင်ပွဲကို သုံးရက်ကြာကျင်းပခဲ့ပြီး ပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်အောင်မျိုးသန့်က အမှာစကားပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြသူများနှင့် အသင်းလိုက် ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

 

အဆိုပါ မြန်မာ-ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများ သေနတ်ပစ်ပြိုင်ပွဲကို ရုရှား-မြန်မာနှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုပိုမိုရရှိစေရန်၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရန်၊ နှစ်နိုင်ငံဗိုလ်လောင်များ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် နှစ်နိုင်ငံသေနတ်ပစ်အားကစားနည်းစနစ် ဖလှယ်ရန်အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။

 

မြန်မာ-ရုရှား နှစ်နိုင်ငံဗိုလ်လောင်များ သေနတ်ပစ်ပြိုင်ပွဲသို့ တက်ရောက်လာကြသော ရုရှားသေနတ်ပစ်အသင်း အဖွဲ့ခေါင်းဆောင် Lieutenant Colenel Andrey SEMENENKO နှင့် နည်းပြအရာရှိများ၊ ပြိုင်ပွဲဝင်ဗိုလ်လောင်းများသည် ဗထူးတပ်မြို့သို့ရောက်ရှိစဉ် အောင်မြေစကြာမင်္ဂလာဆုတောင်းပြည့်ဘုရား၊ ဗထူးစမ်း၊ ရပ်စောက်မြို့မဈေးနှင့် မြို့နေပြည်သူများစုပေါင်း၍ ဘုံကထိန်အတွက် လှူဒါန်းထားသောပဒေသာပင်များ လှည့်လည်နေမှုကို စိတ်ဝင်တစား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ 

 

သတင်းစဉ်