နေပြည်တော် နိုဝင်ဘာ ၃

 

နေပြည်တော်၌ ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး H.E.Mr. Andrey Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ သွားရောက်လေ့လာကြသည်၊၊

 

ဦးစွာ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Naypyitaw State Academy သို့ ရောက်ရှိကြရာ Naypyitaw State Academy ပါမောက္ခချုပ် ဒေါက်တာနုနုလွင်နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး အစည်း အဝေးခန်းမ၌ Naypyitaw State Academy ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် အရည်အသွေးမြင့်သည့် သင်ကြားသင်ယူမှုစနစ်များဖြင့် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများကို ထိရောက်စွာ သင်ကြားနိုင်ရေး အထောက်အကူ ပြုပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများနှင့် ခေတ်မီလက်တွေ့ခန်း သုံးပစ္စည်းများအသုံးပြု၍ ရာဆရာမများက ကျောင်းသားကျောင်းသူများအား စာတွေ့လက်တွေ့ သင်ကြားပို့ချနေမှု၊ အခမ်းအနားများနှင့် ဆွေးနွေးဟောပြောပွဲများ ကျင်းပဆောင်ရွက်ခဲ့မှု အခြေအနေများကို မှတ်တမ်းဗီဒီယိုဖြင့် ရှင်းလင်းပြသသည်၊၊

 

ထို့နောက် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် နိုဗိုစီဗစ် ပညာရေးဝန်ကြီးတို့က နိုဗိုစီဗစ်မြို့သည် ရုရှားနိုင်ငံရှိ သိပ္ပံပညာနှင့် ပညာရေးစင်တာအကြီးဆုံးမြို့များထဲမှ တစ်ခုအပါအဝင်ဖြစ်မှု၊ နိုဗိုစီဗစ်ဒေသတွင် သိပ္ပံပညာနှင့် အသုံးချသိပ္ပံပညာရပ်များကို လေ့လာသင်ကြားနေသည့် တက္ကသိုလ်ပေါင်း ၅၀ရှိမှု၊နိုဗိုစီဗစ် ဒေသရှိ အကြီးဆုံးတက္ကသိုလ် တစ်ခုဖြစ်သည့် နိုဗိုစီဗစ် တက္ကသိုလ်တွင် နယ်ပယ်အသီးသီး ၌ အလုပ်လုပ်ကိုင်နေသည့် ကျွမ်းကျင်သူများ၊ စီးပွားရေးဆိုင်ရာ နယ်ပယ်များတွင် ဦးစီးဦးဆောင် အလုပ်လုပ်ကိုင်နိုင်သည့် ပညာရပ်များကိုလည်း သင်ကြားပေးလျက်ရှိမှု၊ တေးဂီတအနုပညာဆိုင်ရာ ကျွမ်းကျင်သူများကို မွေးထုတ်ပေးသည့် နိုဗိုစီဗစ်အနုပညာတက္ကသိုလ်တစ်ခု တည်ရှိမှု၊ နိုင်ငံခြားသား ကျောင်းသားများအား ပညာသင်ကြားနေသည့် အတွေ့အကြုံများရှိရုံသာမက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင်လည်း ပုံစံအမျိုးမျိုးနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အတွေ့အကြုံများစွာကိုလည်း သင်ကြားပေးလျက်ရှိမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်၊၊

 

ရှင်းလင်းဆွေးနွေးမှုများအပြီးတွင် သိလိုသည်များကို အပြန်အလှန် ဆွေးနွေးဖြေကြားကြပြီး Naypyitaw State Academy အတွင်းရှိ စာကြည့်တိုက်နှင့် ဓာတုဗေဒ လက်တွေ့ခန်းတို့ကို ကြည့်ရှုလေ့လာကြသည်၊၊

 

ယင်းနောက် ဧည့်သည်တော်အဖွဲ့သည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် Naypyitaw State Academy ရှိ အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာတက္ကသိုလ်များနှင့် နိုဗိုစီဗစ်ဒေသရှိ တက္ကသိုလ်များပူးပေါင်းဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်နိုင်ခြေလေ့လာရေးအတွက် နိုဗိုစီဗစ်ဒေသရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပညာရေးဆိုင်ရာတာဝန်ရှိသူများကို မြန်မာနိုင်ငံသို့ စေလွှတ်ရေး၊ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အေအိုင်နှင့်
MSME ဆိုင်ရာ သုတေသနလုပ်ငန်းများ‌ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ရုရှား ကျောင်းသား ကျောင်းသူများ အပြန်အလှန်လည်ပတ်ရေး၊ ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့ကို နိုဗိုစီဗစ်ဒေသသို့ လေ့လာရေးခရီးစေလွှတ်ရေး၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အပြင် အနာဂတ်တွင် နှစ်နိုင်ငံပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြပြီး အမှတ်တရ
လက်ဆောင်ပစ္စည်းများ အပြန်အလှန်‌ ပေးအပ်ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြား ရေးမှူးချုပ်များ တက်ရောက် ကြကြောင်း သိရသည်။

 

ညပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား Jasmine Naypyitaw Hotel ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

 

ညစာစားပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးက ကျေးဇူး တင်စကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့် အတူတကွ ညစာသုံးဆောင်ကြသည်။

 

ညစာသုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆို၊ ကပြဖျော်ဖြေ တင်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်