ရန်ကုန် နိုဝင်ဘာ ၃

 

၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) တတိယနေ့ကို နိုဝင်ဘာ ၃ ရက်က ဆက်လက်ကျင်းပရာ အား/ကာ သိပ္ပံအသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ နိုင်ပွဲရရှိသည်။

 

ပုသိမ်ကျောက်တိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် မဟာယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

ဧရာဝတီ ယူနိုက်တက်အသင်းသည် အိမ်ကွင်း၌ နိုင်ပွဲဆက်ရန် ကြိုးပမ်းခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂိုးများပြန်ပေးရကာ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ မဟာယူနိုက်တက်အသင်းမှာလည်း အဝေးကွင်း၌ နောက်ကျဂိုးများဖြင့် နိုင်ပွဲပြန်ရှာတွေ့ခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားခဲ့ပြီး ၁၄ မိနစ်တွင် တည်ငြိမ်မင်းက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ သို့သော် ဧရာဝတီယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် ကစားသမားတစ်ဦး အထုတ်ခံရသဖြင့် ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီး မိနစ် ၂၀ အတွင်း ဂိုးများ ပြန်ပေးခဲ့ရသည်။

 

မဟာယူနိုက်တက်အသင်းအတွက် ချေပဂိုးကို မိနစ် ၇၀ တွင် အောင်လှိုင်ဝင်းက သွင်းယူပြီး အနိုင်ဂိုးကို ၈၂ မိနစ်တွင် တိုက်စစ်မှူး ပက်ထရစ်သွင်းယူခဲ့သည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက ရခိုင်ယူနိုက်တက်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

 

 နှစ်ပွဲဆက် အနိုင်ရထားသည့်နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး အား/ကာသိပ္ပံအသင်းက ဂိုးပြတ်နိုင်ပွဲဖြင့် သုံးပွဲဆက်အနိုင်ရခဲ့သည်။ အား/ကာသိပ္ပံအသင်း အတွက် ဂိုးများကို ၁၈ မိနစ်တွင် စိုးလင်းအောင်၊ ၄၅ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် သန်းတိုးအောင်၊ ၇၈ မိနစ်တွင် ကောင်းမြတ်ငြိမ်း၊ မိနစ် ၉၀ တွင် မာတီးနိုတို့က သွင်းယူပြီး ရခိုင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၅၇ မိနစ်တွင် ဇင်မင်းထွန်းက သွင်းယူခဲ့သည်။

 

ပွဲစဉ်(၈) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၆ ရက်တွင် သန်လျင်သီဟဒီပကွင်း၌ ဟံသာဝတီ ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း - ကိုညီလေး

ဓာတ်ပုံ - MNL