စောနိုင် (အသုံးချဘောဂဗေဒ)
မမြင်ရသောလက်
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်က ကျမ်းရိုးဘောဂဗေဒဂုရုတစ်ပါးဖြစ်သည့် အက်ဒမ်စမစ် (Adam Smith) ၏ The Wealth of Nations စာအုပ်ထဲရှိ မမြင်ရသောလက် (invisible hand) အိုင်ဒီယာ၊ အယူအဆသည် စာသင်သားများသာမက ပြင်ပလောကရှိ စီးပွားရေးပညာရပ်ကို စိတ်ဝင်တစား လေ့လာသူများကြားတွင် လူသိများ ထင်ရှား၏။
အက်ဒမ်စမစ် ( ၁၇၂၃-၁၇၉၀)၏ မမြင်ရသော လက် အယူအဆတွင် စျေးကွက်ကို မည်သူမှ မနှောင့်ယှက်သင့်၊ အစိုးရအနေဖြင့် စျေးကွက်ထဲသို့ ဝင်ရောက်စွက်ဖက်မှုမပြုလုပ်သင့်၊ စျေးကွက် အင်အားစုဖြစ်သည့် ဝယ်လိုအားနှင့် ရောင်းလိုအား အင်အားနှစ်ရပ်အခြေအနေကိုမူတည်၍ ဈေးကွက် သည် သဘာဝကျကျဖြစ်ပေါ်နေလိမ့်မည်ဟု ဆိုထားသည်။ အကယ်၍ ဈေးကွက်မတည်ငြိမ်မှု ဖြစ်လာခဲ့လျှင်လည်း အစိုးရအပါအဝင် မည်သည့်အဖွဲ့အစည်းကမှ ဝင်ရောက်စွက်ဖက် ထိန်းကျောင်းပေး စရာမလို။ ဈေးကွက်အင်အားစုများကပင် သူ့အလိုအလျောက် ပြန်လည်ထိန်းကျောင်းသွားနိုင်သည်ဟူသော အယူအဆဖြစ်သည်။
အက်ဒမ်စမစ်ထက် များစွာရှေးကျသည့် ဘောဂဗေဒ အတွေးအခေါ်ပညာရှင် Dudley North (၁၆၄၁-၁၆၉၁) ဆိုသူကလည်း စျေးကွက်ထဲတွင် အစိုးရဝင်ရောက်စွက်ဖက်ခြင်းကိစ္စကို မနှစ်သက်ခဲ့ကြောင်း၊ အစိုးရဝင်ရောက်စွက်ဖက်မှုသည် ဘက်လိုက်မှုအခြေအနေများ ဖြစ်လာစေနိုင်ကြောင်း ၎င်း၏ရေးသားမှုများထဲ၌ ဖော်ပြထားသည်ကို တွေ့ရသည်။ အချို့က မမြင်ရသောလက်၏အစွမ်းကို ပဉ္ဓလက်ဟုလည်း တင်စားခေါ်ဝေါ်ကြ၏။
မြင်ရသောလက်
ဈေးကွက်အတွင်း အစိုးရ၏ ဝင်ရောက် ပတ်သက်စွက်ဖက်မှုကို မြင်ရသောလက် (visible hand) ဟု ရည်ညွှန်းပြောလေ့ရှိသည်။ ဈေးကွက်ပုံမှန်လည်ပတ်နိုင်ရေး အခက်အခဲရှိနေချိန်တွင် အစိုးရအနေဖြင့် ပေါ်ပေါ်ထင်ထင် ဝင်ရောက်ပတ်သက်လုပ်ကိုင်ရသဖြင့် မြင်ရသောလက်ဟု ဆိုခြင်းဖြစ်သည်။ အက်ဒမ်စမစ်၏ “မမြင်ရသောလက်” အားနည်းချက်ဖြစ်ပေါ်လာချိန်၊ ၂၀ ရာစု အစောပိုင်းကာလက ပေါ်ထွက်လာသည့် ဗြိတိသျှ ဘောဂဗေဒပညာရှင် ဂျွန်မေနတ်ကိန်းစ် (John Maynard Keynes) ၏ အိုင်ဒီယာဖြစ်၏။
အက်ဒမ်စမစ်၏ မမြင်ရသောလက် အတွေးအခေါ် အထွတ်အထိပ်ရောက်ရှိနေချိန်၊ လွတ်လပ်စွာ လည်ပတ်လှုပ်ရှားနေသော ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် အမေရိကန်စီးပွားရေးပြိုလဲလျက် ကမ္ဘာ့စီးပွားရေးကပ်ပျက်ကြီး (Great Depression) ဖြစ်သွားခဲ့သည်။ အဆိုပါ ၁၉၃၀ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးသည် အထိန်းအကွပ်မဲ့ လွတ်လပ်လွန်းသော ဈေးကွက်စနစ်၏ အားနည်းမှုကို တစ်ကမ္ဘာလုံးက သတိပြုမိစေရန် လက်တွေ့ကျကျ ပြသလိုက်သကဲ့သို့ပင်။ ယခင်က လက်ခံခဲ့ကြသည့် ဈေးကွက်အတွင်း အစိုးရ လုံးဝဝင်ရောက်မစွက်ဖက်ရေးအယူ အဆပေါ်တွင် ပို၍သံသယရှိသွားခဲ့၏။
ကမ္ဘာ့စီးပွားပျက်ကပ်ကာလအလွန်၌ ယခင်ဘောဂဗေဒပညာရှင်များ၏ အိုင်ဒီယာများနှင့် မတူသည့် ကွဲပြားခြားနားသော အိုင်ဒီယာများ ပေါ်ထွက်လာခဲ့သည်။ ပညာရှင် ဂျွန်မေနတ်ကိန်းစ် (၁၈၈၃-၁၉၄၆) ၏ အိုင်ဒီယာသည်ထင်ရှား၏။ ဈေးကွက်လှုပ်ရှားမှု ပျက်ယွင်းသွားသည့်အခြေအနေတွင် အစိုးရအနေဖြင့် ဈေးကွက်ပြန်လည် လည်ပတ်နိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းများ၊ နည်းလမ်းများဖြင့် ပြန်လည်ထိန်းကျောင်းရန် လိုသည်ဟူ၍ဖြစ်သည်။
အစိုးရ ပါဝင်ပတ်သက်မှုမရှိသည့် စီးပွားရေး စနစ်အတွင်း၌ ကုန်ထုတ်စွမ်းအားစုများကို အပြည့်အဝအသုံးချနိုင်ခြင်းမရှိ၊ အလုပ်အကိုင် အခွင့်အလမ်းများလည်း အပြည့်အဝမရရှိဖြစ်သဖြင့် အစိုးရအနေဖြင့် စီးပွားရေးစနစ်တွင် အထိုက်အလျောက် ဝင်ရောက်စွက်ဖက်ရမည်ဟု ယုံကြည်ခဲ့ကြသည်။
အတွေးအခေါ်၊ အယူအဆများနှင့်
လက်တွေ့အခြေအနေ
မြင်ရသောလက် သို့မဟုတ် ဈေးကွက်အတွင်း အစိုးရပါဝင်မှုနှင့်ပတ်သက်သည့် အယူအဆ၊ အတွေးအခေါ်များကို ကျမ်းရိုးဘောဂဗေဒဂုရု အက်ဒမ်စမစ်မတိုင်ခင် ကာလများကတည်းက အတွေးအခေါ် ပညာရှင်အချို့က ဖော်ထုတ်ထားခဲ့ကြပြီးဖြစ်သည်။
အက်ဒမ်စမစ်ထက် အနည်းငယ်စောသည့် စကော့တလန်လူမျိုး ဘောဂဗေဒပညာရှင် James steuart (၁၇၁၂-၁၇၈ဝ) ၏ အယူအဆမှာ အစိုးရအနေဖြင့် လူနည်းစုအကျိုးကိုမကြည့်သင့်၊ လူနည်းစုက လူများစုအပေါ်တွင် ခေါင်းပုံဖြတ် အမြတ်ကြီးစားသည့်အပြုအမူမျိုး၊ လွတ်လပ်ခွင့်ကို လည်းမပေးသင့်ဟု ထောက်ပြသည်။ အစိုးရအနေဖြင့် အများပြည်သူ့အကျိုးစီးပွားအတွက် ဈေးကွက်အတွင်း ဝင်ရောက်ပတ်သက်မှုကို မဖြစ်မနေပြုလုပ် ရမည်ဟုဆိုသည်။
အက်ဒမ်စမစ်၏ ခေတ်ပြိုင်ပညာရှင် Joseph Tucker (၁၇၁၃-၁၇၉၉) ကလည်း ဈေးကွက်အတွင်း အစိုးရဝင်ရောက်ပတ်သက်သည့် အယူဝါဒကို လက်ခံယုံကြည်သည်။ ၎င်းက လူတစ်ဦးတစ်ယောက်၏ အကျိုးစီးပွားသည် တစ်ခါတစ်ရံတွင် လူအများ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်ဘက်ဖြစ် လာနိုင်သည်။ ထို့ကြောင့် တစ်ဦးချင်း၏ အကျိုးစီးပွားနှင့် လူအများအကျိုးစီးပွားကြား ပဋိပက္ခ မဖြစ်စေရေးထိန်းကျောင်းမှုပြုနိုင်ရန် အစိုးရအနေဖြင့် ဝင်ရောက်စွက်ဖက်မှုကို ပြုလုပ်သင့်သည်ဟုလည်း ထောက်ပြခဲ့ဖူးသည်။
ဆွစ်လူမျိုးသမိုင်းပညာရှင်နှင့် နိုင်ငံရေးဘောဂ ဗေဒပညာရှင် Sismondi (၁၇၇၃-၁၈၄၂)၊ ပြင်သစ် အတွေးအခေါ်ပညာရှင်နှင့် ဆိုရှယ်လစ်သီအိုရီပညာရှင် St. Simon (၁၇၆ဝ- ၁၈၂၅) တို့၏ အယူအဆများတွင်လည်းကောင်း၊ အခြားသော စိတ်ကူးယဉ်ဆိုရှယ်လစ်အတွေးအခေါ်၊ သိပ္ပံနည်းကျဆိုရှယ်လစ် အတွေးအခေါ်များတွင်လည်းကောင်း အစိုးရ၏အခန်းကဏ္ဍနှင့်ပတ်သက်၍ အလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။ အမေရိကန် ဘောဂဗေဒပညာရှင် John Rogers Commons (၁၈၆၂-၁၉၄၅) ဆိုသူကလည်း ကွဲပြားသော လူ့အဖွဲ့အစည်းများကြား တစ်ဖက်စောင်းနင်း မဖြစ်စေရန် အစိုးရဝင်ရောက်ဆောင်ရွက်သင့်သည် ဟူသောအယူအဆကို ဖော်ထုတ်ခဲ့ဖူးသည်။
သို့သော် ဈေးကွက်အတွင်း အစိုးရ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ပညာရှင် Keynes ၏ အိုင်ဒီယာအပါအဝင် ပညာရှင်အချို့၏ အယူအဆများ၌ အားနည်းချက်များရှိသည်ဟု သုတေသီတို့က ထောက်ပြခဲ့ကြသည်။ ဈေးကွက်စနစ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် အားနည်းချက်များ ထိန်းကျောင်းရေး၊ စီးပွားရေးပျက်ကပ်များမဖြစ် စေရေးတို့အတွက် အစိုးရများက ဝင်ရောက်ပတ်သက်၊ ထိန်းကျောင်းနေသည့်တိုင် စီးပွားရေးမတည်ငြိမ်မှုများမှာ ယခင်ရာစုနှစ်များကကဲ့သို့ပင် ၂၁ ရာစုအချိန်ကာလအထိ ဆက်လက်ကြုံတွေ့နေရ သောကြောင့်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးစနစ်အတွင်း အစိုးရဝင်ရောက်ပတ်သက်ရမည့် အခြေအနေသည်လည်း အမြဲတမ်းမှန်ကန်သော ယူဆချက်မဟုတ်ကြောင်း သုံးသပ်ချက်များ ရှိလာခဲ့ပြန်သည်။
သင်ခန်းစာများနှင့် စဉ်းစားစရာများ
ကျမ်းရိုးဘောဂဗေဒပညာရှင် အက်ဒမ်စမစ်၏ မမြင်ရသောလက်အယူအဆသည် စာသင်ခန်းတွင်း ဖတ်စာအုပ်ထဲမှ သမိုင်းသင်ခန်းစာအဖြစ်သာ မှတ်ယူလျက် လက်တွေ့အခြေအနေအတွက် ရာနှုန်းပြည့် သဘောမတွေ့ကြတော့။ ထို့အတူ ၁၉၃၀ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြီးနှင့်အတူ ထင်ရှားလာသော ဘောဂဗေဒပညာရှင် ဂျွန်မေနတ်ကိန်းစ်၏ မြင်ရသောလက်အယူအဆတွင်လည်း ဆက်လက်စဉ်းစားစရာများ ရှိနေခဲ့သည်။
မမြင်ရသောလက် အယူအဆဖြင့် ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေသည် ဈေးကွက်ကို သူ့အလိုအလျောက် လည်ပတ်စေသည်ဟု လက်ခံထားသော်လည်း market failure ဟု ခေါ်သည့် ဈေးကွက်လည်ပတ်မှုအခက်အခဲများ ဖြစ်ပေါ်လာနိုင်သဖြင့် မမြင်ရသောလက်သည် အမြဲစွမ်းရည် မရှိနိုင်။ မြင်ရသောလက်ဟုခေါ်သော အစိုးရ၏ ပါဝင်ပတ်သက်မှုသည်လည်း government failure ဟုခေါ်သည့် အစိုးရလိုအပ်ချက်များ ရှိလာနိုင်သဖြင့် ဈေးကွက်ကို အမြဲတမ်းအထောက်အပံ့ မဖြစ်နိုင်။
မမြင်ရသောလက်၏ စွမ်းဆောင်ရည်ကို တည်ငြိမ်သော မက်ခရိုစီးပွားရေးဝန်းကျင်၌သာ မြင်တွေ့နိုင်မည်။ စီးပွားရေးစနစ်အတွင်း သို့မဟုတ် ဈေးကွက်အတွင်း မမြင်ရသောလက်၏ စွမ်းရည်ရှိနေပါက မြင်ရသောလက် (အစိုးရပါဝင်ပတ်သက်မှု) လိုအပ်မည်မဟုတ်ပေ။ လူဖန်တီးသော မတည်ငြိမ်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ရောဂါကပ်ဆိုးများ စသဖြင့် အခြေအနေများကြောင့် စီးပွားရေးအခြေအနေ၊ ဈေးကွက်အခြေအနေတည်ငြိမ်မှု ပျက်ပြားလာရသည့်အခါ မြင်ရသောလက် လိုအပ်လာလိမ့်မည်။ ထိုအခြေအနေမျိုးတွင် မြင်ရသော လက်အနေဖြင့် စွမ်းရည်ပြည့်ပြည့်ဝဝဖြင့် လုပ်ဆောင်နိုင်ရန်မှာ အစိုးရယန္တရား၏ စွမ်းဆောင်ရည်ရှိမှု၊ ထိရောက်စွာ လုပ်ဆောင်တတ်မှုအပေါ် မူတည်ပေသည်။
သင့်တင့်သောယှဉ်တွဲမှု
၂၁ ရာစုအတွင်းသို့ ရောက်ရှိခဲ့ပြီ။ ကမ္ဘာ့နိုင်ငံအများစုတွင် ဈေးကွက်မတည်ငြိမ်မှုများ မကြာခဏ ဖြစ်ပေါ်နေဆဲဖြစ်သည်။ စီးပွားရေးအင်အားကြီး နိုင်ငံကြီးများဖြစ်သော ဈေးကွက်အခန်းကဏ္ဍကို ဦးစားပေးသည့် အမေရိကန်စီးပွားရေးအဆောက်အအုံတွင် လည်းကောင်း၊ အစိုးရ၏အခန်းကဏ္ဍကို အလေးထားသော တရုတ်စီးပွားရေး အဆောက်အအုံအတွင်း၌လည်းကောင်း စီးပွားရေး၊ ဘဏ္ဍာရေးမတည်ငြိမ်မှုများ၊ ဈေးကွက်ထိတ်လန့်မှုများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် တည်ငြိမ်မှုရရှိရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် အဖြေရှာနေကြဆဲ ဖြစ်သည်။
အဖြေရှာနေရင်းမှာပင် အစိုးရနှင့် ဈေးကွက်သည် ဆန့်ကျင်ဘက်အရာနှစ်ခုမဟုတ်ဘဲ သင့်လျော်သည့်အခြေအနေဖြင့် ယှဉ်တွဲဖြစ်ပေါ်နေသော သဘာဝရှိသည်ကို သဘောပေါက်ရန်လိုသည်။ ထို့အတူ ဈေးကွက်ကို လွတ်လပ်လွန်းစွာလွှတ်ထားပါက ဆိုးကျိုးများဖြစ်စေသကဲ့သို့ ဈေးကွက်အတွင်း အစိုးရ၏ ဝင်ရောက်ပတ်သက်မှု များပြားလွန်းပါကလည်း အခက်အခဲ အကျပ်အတည်းများ ဖြစ်စေသည်ကိုပါ လက်ခံနားလည်သင့်ပါသည်။ ။


